ရုပ်မျိုးသုံးဆယ် ရိုးရာအမျိုးအဆွေ လှည့်လည်ပွဲ ရမ်းဗြဲတွင် စည်းကားစွာကျင်းပ
DVB
·
June 4, 2017
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်(၁)စံပြကျေးရွာမှာ မိရိုးဖလာအစဉ်အလာ မပျက်ဘဲ ကျင်းပလေ့ရှိတဲ့ ရုပ်မျိုး သုံးဆယ် အမျိုးအဆွေ ရွာလှည့်လည်ပွဲကို နှစ်ရက်ကြာ ကျင်းပခဲ့ကြပါ တယ်။
ဇွန်လ ၃ ရက်နေ့ ပထမနေ့မှာ ရွာတောင်ဘက်ကျေးရွာက လူတွေက တောင်ပိုင်းဘက်ကို ဆွေးအမျိုးလှည့်လည်ပြီးတော့ ဒီကနေ့ ဒုတိယနေ့မှာ ရွာမြောက်ပိုင်းဘက်က ကျေးရွာလူတွေဟာ တောင်ပိုင်းဘက်ကို ဆွေအမျိုး စစ်ရွာလည် တာဖြစ်ပါတယ်။
အဲဒီ မိရိုးဖလာ စဉ်လာမပျက်ဘဲ ကျင်းပလေ့ရှိတဲ့ ပုံစံတွေကလူပျို၊ အပျို၊ ကလေး၊ သူငယ် အပါအဝင်သက်ကြီး လူကြီး လူလက်ပိုင်းတွေ အစအိမ်မှာရှိတဲ့ လူတွေအကုန်လုံး တမူထူးခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပြီး မျက်နှာမှာ မျိုးစုံချယ်သ ဒီဇိုင်းဆန်းမျိုးစုံထွင်ကာ လူအုပ်စုနဲ့ ပျော်ပျော်ပါးပါး လှည့်လည်သွားကြတာပါ။
တောင်ဘက်ပိုင်း၊ တောင်ဘက်အလယ်ပိုင်း၊ မြောက်ဘက်ပိုင်း၊ မြောက်ဘက်အလယ်ပိုင်း စသဖြင့် အပိုင်းခွဲခြား သတ်မှတ်ထားပြီး အခုလိုပွဲတော်ကို ကျင်းပတာဟာ တရွာလုံး ရွာသူရွာသားများ ပိုမိုရင်းနှီးချစ်ခင်စေဖို့ရည်ရွယ်ပြီး မျိုးဆွေရွာ လည်ပွဲပြုလုပ်တာလို့ ဆိုပါတယ်။
အဲဒီနှစ်ရွာမှာ တောင်ပိုင်း၊ မြောက်ပိုင်းခွဲခြားထားပြီးတော့ လည်လည်သူတွေက တအိမ်ဝင်တအိမ်ထွက် ပညာရေး၊ စီးပွားရေး၊ လှုမှုရေးအဆင်ပြေသလား၊ ကျန်းမာကြသလား ဆိုပြီး လှည့်လည်သတင်းမေးရ တာဖြစ်ပါတယ်။
အခုလို့ရိုးရာအမျိုးအဆွေ လှည့်လည်ပွဲဟာ အင်မတန်စိတ်ဝင်စားဖွယ်ကောင်းပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီပွဲကို ဘိုဘွားလက်ထက်ကတည်း နှစ်စဉ်နှစ်တိုင်း ဒီလိုအချိန်အခါမျိုးမှာ ကျင်းပလာတာလို့ သိရပါတယ်။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-လင်းမောင်