ရေပူဂိတ်တွင် လက်လုပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲ
DVB
·
June 4, 2017
ရှမ်းပြည်မြောက်ပိုင်း လားရှိုး-သိန္နီကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှာ ဇွန် ၃ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ မိုင်းတလုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ရေပူ အကောကာခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က "မနေ့ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ လားရှိုးဘက်က အဝင်ဂိတ် ပေ ၂၀ အကွာမှာ ပေါက်ကွဲတာ။ မိုင်းက တော့ လက်လုပ်မိုင်း။ ဓာတ်ခဲတွေ ယမ်းတွေနဲ့ပတ်ထားပြီး လုပ်ထားတဲ့ မိုင်းတွေ၊ သေချာပြန်စစ်ဆေးမှု ထပ်လုပ်အုန်းမှာပါ။ အခု ဂိတ်နောက်မှာရှိတဲ့ ရဲကင်းနားလေးမှာလည်း မနေ့ည ၁၂ နာရီလောက်မှာ မိုင်းသံသယရှိတာ တခုရှိသေးတယ်။ ကျွတ်ကျွတ်အိပ်နဲ့ တလုံး တွေ့ထားတယ်။ အဲဒါ မရှင်းရသေးဘူး။ ခဏနေ အားလုံးကို ရှင်းမှာပါ" လို့ ပြောပါတယ်။
လက်ရှိရေပူဂိတ်မှာ တရားမဝင်ပစ္စည်းတွေ နေ့စဉ်လိုလို ဖမ်းဆီးခဲ့ရပြီး ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း လက်လုပ်မိုင်းတလုံး ပေါက်ကွဲခဲ့ဖူးပါတယ်။
မိုင်းပေါက်ကွဲမှုရှိပေမယ့် ဖမ်းဆီးမှုကို ရပ်တန့်မှာမဟုတ်ဘဲ ဆက်လက်ဖမ်းဆီးမယ်လို့ ဦးတက်ထွန်းအောင်က ပြောပါတယ်။
လက်ရှိရေပူဂိတ်မှာ တရားမဝင်ပစ္စည်း ဖမ်းစီးရမိတဲ့ တန်ဖိုးမှာ ကျပ်သိန်း ၅ သောင်းကျော် ရှိပြီဖြစ်ကြောင်း သိရပါတယ်။
သတင်း - နိုင်နိုင်