Home
မြန်မာသတင်း
ငွေ ၁၂ သိန်းယူခဲ့ကြောင်း စွပ်စွဲချက်အပေါ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိကို မေးမြန်းချက်
DVB
·
June 3, 2017
ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ကိုယ်ရေးအရာရှိ ဦတင်ထွန်းက သူတို့မြေပိုင်ရှင်တွေဆီကနေ သိန်း ၅၀ တောင်းခံပြီး ငွေ ကျပ် ၁၂ သိန်းရယူခဲ့ကြောင်း မိုက်ကယ်ကျော်မြင့်ဆိုသူက သတင်းထောက်တွေကို မနေ့က ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးတင်ထွန်းကို ဒီဗွီဘီ သတင်းထောက် ပြည့်ဘုန်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - မနေ့က မိုက်ကယ်ကျော်မြင့် သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ဘယ်လိုမျိုး ပြန်လည်တုံ့ပြန်သွားမယ် ဆိုတာလေးကို ပြောပြပေးပါဦး ခင်ဗျ။ ဖြေ - အဲဒါကတော့ ဥပဒေဘောင်ထဲကပဲ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို စဉ်းစားနေဆဲပါ။ ဘယ်လိုမျိုး ဆက်လက်ဆောင်ရွက်မယ်ဆိုတာ သိတဲ့တတ်တဲ့ ဆရာတွေနဲ့ တိုင်ပင်ရဦးမှာလေ။ ချက်ချင်း ဖြေကြားပေးဖို့ အဆင်မပြေသေးပါဘူးခင်ဗျ။ မေး - အစိုးရအဖွဲ့နဲ့ ပတ်သက်တာကကော။ ဖြေ - အစိုးရအဖွဲ့နဲ့ ပတ်သက်တာက တာဝန်ရှိတဲ့သူတွေ ဆောင်ရွက်ပါလိမ့်မယ်။ ကျနော်ကတော့ အဲဒါကို မှတ်ချက်ပေးပြီး ပြောလို့မရပါဘူးခင်ဗျ။ ကျနော်က ရိုးရိုးသာမန်ဖြစ်ပြီး အစိုးရအဖွဲ့ အဖွဲ့ဝင် ရာထူးဘာညာ ဘာမှမရှိတော့ ကျနော်က အဲဒါကို မှတ်ချက်ပေးခွင့် မရှိပါဘူးခင်ဗျ။ မေး - ဒါဆိုရင် အန်ကယ်က ၀န်ကြီးချုပ်ရဲ့ ပီအေ မဟုတ်ခဲ့ဘူးပေါ့နော်။ ဖြေ - မဟုတ်ပါဘူးခင်ဗျ။ ကျနော်က ရိုးရိုးပါတီဝင်တယောက်ပါ။ ၀န်ကြီးချုပ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းက လိုက်လုပ်ပေးနေတဲ့ သူတယောက်ပါ။ ကိုယ်ရေး အရာရှိလည်း မဟုတ်ပါဘူးခင်ဗျ။ မေး - အန်ကယ့်အနေနဲ့ သူတို့က သက်သေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်ဆိုတော့ အဲဒီဟာတွေကိုရော ဘယ်လိုပုံစံနဲ့ ပြန်ဖြေရှင်းသွားမလဲဆိုတာကို ပြောပြပေးပါဦး ခင်ဗျ။ ဖြေ - အဲဒါကတော့ အမှန်တရားအတိုင်း သက်ဆိုင်ရာ တရားရုံးတို့ ဘာတို့ရောက်မှပဲ ဖြေရှင်းတာကောင်းပါတယ်ခင်ဗျ။ ကျနော်ကတော့ ပါးစပ်နဲ့တော့ ဘာမှဖြေရှင်းမှာ မဟုတ်ပါဘူး။ မေး - သူရဲ့ ပြောဆိုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့အနေနဲ့ တရားဥပဒေအရ ဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်မယ်ဆိုတာကိုလည်း ပြောပြပေးပါဦး။ ဖြေ - ခုန ကျနော်ပြောခဲ့သလိုပါပဲ။ ကျနော် တရားဥပဒေကြောင်းအရ ကျနော်က သိပ်နားမလည်ဘူးလေ။ နားမလည်တဲ့အခါကျတော့ နားလည်တဲ့ ဆရာတွေဘာတွေနဲ့ တိုင်ပင်ရမှာပေါ့။ ရှေ့နေတွေဘာတွေနဲ့ တိုင်ပင်ပြီးမှ ဒါက ပြောလို့အဆင်ပြေမှာပါခင်ဗျ။ လောလောဆယ်မှာတော့ ချက်ချင်း တုံ့ပြန်ဖို့ မရှိသေးပါဘူး။  ကျနော့်လို ဘာမှမဟုတ်တဲ့ လူတယောက်က အပြောခံရတာကို ကျနော်က သဲသဲလှုပ်ဖြစ်နေတယ်ဆိုရင် သိပ်ကြည့်မကောင်းပါဘူး ခင်ဗျ။ ဘာလို့လဲဆိုတော့ တချို့တောင်မှ နိုင်ငံတော်အစိုးရကိုတောင် တရားစွဲမယ်ဆိုတာတောင် လုပ်ကြသေးတာပဲလေ။ ကျနော်လို ကောင်မျိုးက ဒီလောက်အပြောခံရတာ ဘာမှ မထူးဆန်းပါဘူးခင်ဗျ။ မေး - သူက အန်ကယ့်ကို ငွေပေးခဲ့တယ်ဆိုတာကော တကယ်ကော ဟုတ်ရဲ့လားခင်ဗျ။ ဖြေ - ကျနော်လက်ခံရယူထားခြင်း မရှိပါဘူးခင်ဗျ။ မေး - အန်ကယ့်အနေနဲ့ သူ့ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက်ပြီး ပြောချင်သေးလဲခင်ဗျ။ ဖြေ - ဘာမှ မရှိပါဘူးခင်ဗျ။ ဒီလို ဖြစ်မယ်ဆိုတာကို ကျနော်က ကြိုသိထားပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်က ရုံးခန်းမှာ ၀န်ကြီးချုပ် လက်တိုလက်တောင်းခိုင်းဖို့ အမြဲတမ်းရှိပါ တယ်ခင်ဗျ။ ဟိုဟာလေး သွားပေးလိုက်ပါဦး။ ဒီဟာလေး သွားပေးလိုက်ပါဦး။ အရင်တုန်းက ပါတီမှာကတည်းက လက်တိုလက်တောင်းခိုင်းတယ်ပေါ့ဗျ။ အဲဒီနေ့ကတက်လာပြီး ၀န်ကြီးချုပ်ရုံးမှာ ထိုင်နေတဲ့ ညွှန်ကြားရေးမှူး၊ ကျနော်နဲ့ ဒေါ်ကျော်ကေခိုင်တို့ ကတောက်ကဆ ဖြစ်ပါတယ်ခင်ဗျ။ ၀န်ကြီးချုပ်ကို မတွေ့ရ မချင်းမပြန်ဘူးဆိုပြီး အဲဒါနဲ့ ကျနော်တို့က အာပီခေါ်ပြီးတော့ ရှင်းလိုက်တာ ရှိပါတယ်ခင်ဗျ။ ၀န်ကြီးချုပ်ရုံးခန်းမှာတော့ ဒီလို ရုတ်ရုတ်လုပ်လို့မရဘူး။ ညနေပိုင်းကျတော့ ကျနော့်ကို ဖုန်းဆက်ပြီး ခြိမ်းခြောက်ပါတယ်။ ခင်ဗျား ပြည်သူကို အာပီနဲ့ ရဲခေါ်ပြီး ထုတ်စရာမလိုဘူးတဲ့။ ကျနော် လည်း သူတို့ကို ပြောပါတယ်။ ၀န်ကြီးချုပ်က ခွင့်မပြုဘဲ ဧည့်ခန်းမှာ ၀င်ထိုင်လို့မရဘူး။ ၀န်ကြီးချုပ် က ခွင့်ပြုတယ်ဆိုမှ ကျနော်တို့က ၀န်ကြီးချုပ်ကိုလည်း အကြောင်းမကြားရသေးဘူး သူတို့က မလာမချင်း ထိုင်နေမယ်ဆိုတဲ့ ပုံစံမျိုးသူတို့က အဲလို လုပ်တာပါခင်ဗျ။ ပြီးခဲ့တဲ့ သုံးလေး ရက်လောက်က ကျနော့်ကို ခြိမ်းခြောက်အပြီး အခုလိုပဲ ဖြစ်တာပါခင်ဗျ။ မေး - ဒါဆိုရင် သတင်းစာရှင်းလင်းပွဲ မလုပ်ခင် အန်ကယ့်ကို ခြိမ်းခြောက်မှု လုပ်သွားခဲ့ သေးတယ်ပေါ့နော်။ ဖြေ - ဟုတ်ပါတယ်ခင်ဗျ ခုန ပြောသလိုပါပဲ၊ ဒါပေမယ့် record  လုပ်ထားတာတွေလည်းမရှိတော့ ကျနော်က အဲဒါကိုလည်း ၀န်ကြီးချုပ်ကို သတင်းပို့ထားတယ်။ ကျနော့်ရုံးက အဖွဲ့တွေလည်း အားလုံးသိပါတယ်၊ အဲလိုအတင်းဝင်ပြီး ၀န်ကြီးချုပ်နဲ့ တွေ့မယ်ဘာညာဆိုတာ။ မေး - သူက မီဒီယာတွေရှေ့မှာ ပြောသွားတာ သူ့မှာ အထောက်အထား အပြည့်အစုံ ဘာညာ အကုန်လုံးရှိတယ်ပေါ့နော်။ ပြီးတော့ အတွင်းသတင်းတွေလည်း ဖော်ထုတ်သွားမယ်ဆို ပြီးတော့ ပြောဆိုသွားတာတွေလည်း ရှိတယ်ခင်ဗျ။ အဲဒါတွေနဲ့ ပတ်သက်ပြီး အန်ကယ့်အနေနဲ့ တဆင့်ချင်း ဘယ်လိုလုပ်သွားဖို့ ရှိလဲခင်ဗျ။ ဖြေ - အဲဒါတွေနဲ့ ပတ်သက်ပြီး ရှင်းစရာမရှိပါဘူး။ အဲဒါတွေနဲ့ သက်ဆိုင်တဲ့သူတွေက ရှင်းသွားမှာပါ။ ကျနော်တို့ အစိုးရအဖွဲ့မှာ ကျနော်က ဘာတာဝန်မှ ယူမထားရတော့ ရုံးမှာတော့ အမြဲရှိတယ်ပေါ့နော်။ လက်တိုလက်တောင်း ခိုင်းဖို့အမြဲရှိနေတော့ ပစ္စည်းတွေဘာတွေ လာပေးရင်လည်း လက်ခံလေ့မရှိပါဘူးခင်ဗျ။ လာပေးရင်လည်း ပြန်ပေးလိုက်တာပါပဲ။ စီးပွားရေး သမား တော်တော်များများက အရင်ခေါက်ရိုးကျိုးသမားတွေ တော်တော်များများက ပစ္စည်းပေးတာပဲ၊ စားပွဲပေါ်မှာတင်ထားခဲ့တယ်၊ ပြီးမှ ဖုန်းဆက်တယ်။ ကျနော်တို့ပြန်ပြီး ဖုန်းဆက်တယ်။ ခင်ဗျားတို့ ပစ္စည်းပြန်လာယူမလား ဒါမှမဟုတ် ၀န်ကြီးချုပ်ကို တင်ပြပေးရမလား။ လက်ဆောင်ပေးတယ်ဆိုရင် ခင်ဗျားတို့ လက်ဆောင်ကို ပြန်လာယူပါ။ ခင်ဗျားဆို့ အမှုတွဲကို တင်ထားခဲ့။ ကျနော်တို့ဘက်က လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ပေးမယ်။ ဘာငွေမှလည်း ပေးစရာမလိုဘူး။ စာလာတင်တဲ့သူတွေ အမှုတွဲ လာတင်တဲ့သူတွေ အကုန်လုံး သိပါတယ်ခင်ဗျ။ မေး - ဟုတ်ကဲ့ ဒါဆိုရင် အန်ကယ့်အနေနဲ့ သူစွပ်စွဲသလို မယူခဲ့ဘူးပေါ့နော်။ အဲဒါလေးကို ပြည့်ပြည့်စုံစုံလေး ပြောပြပေးပါခင်ဗျ။ ဖြေ - ယူမယ့်ယူမှတော့ ကြားခံတော့ ဘယ်ယူမလဲခင်ဗျ၊ ကျနော်ကိုယ်တိုင် ယူမှာပေါ့။ မက်ဆေ့တော့ ဘယ်ပို့မလဲ။ လူချင်းတွေ့ပြီး ယူမှာပေါ့။ နောက်ပြီး သိမ်းထားတယ်ဆိုတဲ့ဟာက ဒါက မြေယာမှုတမူပါ။ သူတို့ဟာ ဒီမြေမှာ ကြားပွဲစားပါ။ ကြားခံလုပ်ပြီး ဒီမြေကို မရရအောင် အတင်းလိုက်လုပ်နေတာပါ။ ဒီပိုက်ဆံကို ကျနော်ယူထားခဲ့မယ်ဆိုရင် သူတို့ကို ၀န်ကြီးချုပ်နဲ့ မဖြစ်ဖြစ်အောင် ကျနော်ပြောပေးရတော့မှာပေါ့ဗျ။ ကျနော်ယူထားရင် ကျနော်ရဲနဲ့ ခေါ်ထုတ်တာ ဘာညာ ကျနော်ဘယ်ပြောမလဲ။ မဖြစ်ဖြစ်အောင် ကျနော်ဝန်ကြီးချုပ်နဲ့ အတင်းပေးတွေ့ရတော့မှာ ပေါ့။ သူများပိုက်ဆံယူထားရင် ကျနော်ပြဿနာ လာတက်မှာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ရုံးမှာ နေတဲ့သူတွေနဲ့ ဖုန်းမကောင်းဘူးဗျ။ ဖုန်းပျက်နေတယ်ဆိုရင် ဘာနှောင်ကြိုးမှမရှိဘဲ ၀င်ပြီးကူညီချင်တဲ့သူတွေ အများကြီးပါဗျ။ ကျနော်တို့ဆီမှာ အဲလို တောင်းတာရမ်းတာ တခုမှမရှိပါဘူး။ ကျနော်က ပိုက်ဆံတောင်းတယ် ပဲထားဦး သိန်း ၃၀ တောင်းတယ်ထား၊ သိန်း ၅၀ တောင်းတယ်ပဲထား၊ တောင်းပြီး ဖုန်းဝယ်တာတို့ ဘာတို့သူ့ကိုပြောရအောင် သူက ကျနော့်ဆရာမှ မဟုတ်တာ။ ကျနော်တောင်းတဲ့ ပိုက်ဆံ ကျနော့်ဘာသာ ဖုန်းပဲဝယ်ဝယ်၊ ဖိနပ်ပဲ ၀ယ်ဝယ်  ဒါကျနော့်ကိစ္စဖြစ်သွားပြီ။ ခုမြေကိစ္စအတွက် တောင်းတယ်လို့သာ သူတို့က ပြောတာ သူတို့အမှုနဲ့ ဘာနဲ့ ပတ်သက်ပြီးတော့ သူကျနော့်ကို ဘာတွေ လာပို့ထားလဲ။ ကျနော်က ဘာတွေ ပြန်ပို့လဲ။ အရှင်းကြီးပါ။ ကျနော်တို့ဘက်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျနော်တို့ ဘက်က အမြန်ဆုံး အဆင်ပြေအောင် လုပ်ပေးတယ်။ အောက်ကနေပြီးတက်လာရင်တော့ တလ ကိုးသီတင်းလောက် ကြာတယ်ပေါ့ဗျာ။ ၀န်ကြီးချုပ်ရုံးကို လာတင်ရင် ကျနော်တို့က ချက်ချင်း အဆင်ပြေအောင် အားလုံးဆောင်ရွက်ပေးပါတယ်။ ရန်ကုန်တိုင်းမှာ မြေယာအမှုက ၆၀၀၊ ၇၀၀ လောက်ရှိတယ်ဗျ၊ ဘယ်သူမှ ဘာပြဿနာမှ မတက်ပါဘူး။ ကူညီပေးပါဆိုရင် စေတနာသန့်သန့်နဲ့  ကူညီပေးခဲ့တာပါ။ ပြီးတော့ ကျနော်တယောက်တည်း လုပ်လို့ရတဲ့ အလုပ်မျိုးလည်း မဟုတ်ဘူး။ ကျနော်က ဘာရာထူး ဘာအာဏာမှ ရှိတာမဟုတ်ပါဘူး။ မြေယာ ကော်မတီထဲမှာလည်း ကျနော်က ပါတာမဟုတ်ပါဘူး။ ကျနော်က ပိုက်ဆံယူပြီး ၀န်ကြီးချုပ်ကို ပြောပေးတယ်ဆိုရင် တမျိုး၊ ကျနော်မှာ လုပ်ပိုင်ခွင့်အာဏာ ရှိတယ်လေ။ ကိုယ်ရေးအရာရှိဖြစ်တဲ့အတွက်။ နောက်တခု ကျနော်က မြေယာကော်မတီမှာမို့လို ကျနော်က ဆုံးဖြတ်ချက်တချို့ ပေးနိုင်တယ်ပေါ့ဗျ။ တချို့ နေရာတွေမှာ ဆုံးဖြတ်ချက် ပေးနိုင်လို့ လာဘ်စားတယ်ဆိုရင် တမျိုးပေါ့။ ကျနော်က ဘာကောင်မှ မှ မဟုတ်တာ သူတို့က ဘာမျှော်မှန်းချက်နဲ့ ပေးတာလဲ။ ကျနော်လည်း သိပ်မပြောချင်ပါဘူးဗျာ။ တရားဥပဒေလမ်းကြောင်းအရပဲ ဆက်သွားမှာပါ။ သက်ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့ ရှေ့နေတွေဘာတွေနဲ့ တိုင်ပင်ပြီးတော့မှ ကျနော်ဘာဆက်လုပ်မယ်ဆိုတာကို ကျနော် စဉ်းစားပြီး ဆုံးဖြတ်ပါမယ်ခင်ဗျ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024