A d v e r t i s e m e n t With Us

လူမျက်နှာဖြင့် မွေးလာသည့် နွားပေါက်လေးကို ဟိန္ဒူနတ်ဘုရားဆိုပြီး ဝိုင်းကန်တော့နေ (ရုပ်သံ)

လူသားနဲ့ဆင်တူတဲ့ မျက်လုံး၊ နှာခေါင်း၊ နားရွက်တွေနဲ့ နွားသားပေါက်လေး တကောင် မွေးလာလို့ ရွာသားတွေက ဟိန္ဒူနတ်ဘုရားလို့ အမည်တပ်နေကြပြီး ပူဇော်ဖို့ ဘုရားကျောင်းဆောင် ဆောက်လုပ်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နွားသားပေါက်လေးကို အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒဲက်ရှ်ပြည်နယ်က မူဇာဖာနာဂါမြို့က နွားတင်းကုပ်မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး လူသားနဲ့ဆင်တူတဲ့ မျက်လုံး နှာခေါင်း နားရွက်တွေနဲ့ မွေးဖွားလာခဲ့တာပါ၊ မွေးဖွားပြီး နာရီအနည်းငယ်အကြာမှာတော့ သေဆုံးသွားတယ်လို့ သိရပါတယ်။ လူသားမျက်နှာသဏ္ဌာန်နဲ့ မွေးဖွားလာတဲ့ နွားပေါက်လေးကို ဗစ်ရှ်နူ ဟိန္ဒူ နတ်ဘုရားအဖြစ် မွေးလာတယ်လို့ ယုံကြည်ကြပြီး အနီးအနားရွာတွေပါ ပျံ့နှံ့ကာ ပူဇော်ကန်တော့ကြဖို့ ရွာသားတွေ လာရောက်စုရုံးကြတာကို ရုပ်သံထဲမှာ ထူးခြားစွာ တွေ့မြင်ရမှာပါ။ ရုပ်သံထဲမှာ လူတွေက သေဆုံးသွားတဲ့ နွားပေါက်လေးကို မှန်ပုံးထဲ ထည့်ပြီး ပန်းကုံးတွေနဲ့ ပူဇော် ဦးညွှတ်နေကြတာ တွေ့ရပါတယ်။ ရွာသားတွေက ဒီနွားသားပေါက်က ဗစ်ရှ်နူနတ်ဘုရား ၂၄ ကြိမ်မြောက် ပြန်လည်ဝင်စားတာလို့ ယုံကြည်နေကြပြီး သူ့အတွက် ဘုရားကျောင်းဆောင် ဆောက်ဖို့ စီစဉ်နေကြပါတယ်။ နွားပေါက်လေးကို လာကြည့်တဲ့ အသက် ၅၀ အရွယ် ဒေသခံ စီးပွားရေးသမားတဦးက “ဘုရားက ကိုယ့်ဒေသရဲ့ နွားတကောင်ခန္ဓာကိုယ်မှာ ဝင်ပြီး မွေးဖွားလာတယ်” လို့ ပြောလိုက်ပြီး အသက် ၅၅ နှစ်အရွယ် နွားခြံရဲ့ မန်နေဂျာဖြစ်သူက “ဒီခြံထဲမှာ ဒီသားပေါက်လေး မွေးလာတာ အံ့ဖွယ်ပဲ” လို့ ပြောပါတယ်။ နွားသားပေါက်လေးရဲ့ မိခင်ကို လွန်ခဲ့တဲ့ ၆ လ ကိုယ်ဝန်မဆောင်ခင်က အသားသည် တဦးထံမှ ကယ်ဆယ်ခဲ့ပြီး ဒီနွားခြံကို ခေါ်ဆောင်လာတာလို့ မန်နေဂျာက ပြောပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေကတော့ ဒီမွေးဖွားမှုအပေါ် အမြင်မတူပဲ အယူသည်းမှုတွေကို လက်မခံပါဘူး။ အကြီးတန်း တိရစ္ဆာန်ဆရာဝန် တဦးဖြစ်တဲ့ ဒေါက်တာအာဂျေးက “ဒါက ခန္ဓာကိုယ် အစိတ်အပိုင်း ပုံမှန်မဖြစ်တာပါ။ မျိုးရိုးဗီဇက ပုံမှန် မဖွံ့ဖြိုးလာဘဲ တခုခု မှားယွင်းတဲ့အခါ ဒီလို ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေ အမျိုးမျိုး ဖြစ်ပြီး ဒီလို ပုံမှန်မဟုတ်တာမျိုးတွေ ဖြစ်တတ်တယ်” လို့ ပြောကြောင်း မေရာရဲ့ ဇွန်လ ၃ ရက်နေ့သတင်းမှာ ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up