လှည်းကူးတွင် ကျူးကျော်နေအိမ်တည်ဆောက်မှု ပိုများလာဟု အုပ်ချုပ်ရေးမှူးပြော
စိုးမိုးအောင်
·
June 2, 2017
လှည်းကူးမြို့နယ်မှာ ကျူးကျော်နေအိမ် တည်ဆောက်တာ အရင်ထက်များလာတယ်လို့ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
ကျူးကျော်နေအိမ်တွေဟာ ၃၀၀၀ ကျော်လောက်အထိ များပြားလာတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားပြီး တိုင်းအစိုးရရဲ့ ညွှန်ကြားမှုအတိုင်း ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။
အဲဒီနေရာတွေကို အရင်အစိုးရလက်ထက်က ဘူဒိုဇာနဲ့ အိမ်ခြေ ၈ ထောင်လောက် ဖျက်ဆီးခဲ့ပေမယ့် အခုအချိန်မှာ အိမ်ခြေထောင်ချီပြီး ရှိနေပါတယ်။
အဲဒီနေရာတွေမှာ နေရာအခက်အခဲကြောင့် လာရောက်နေထိုင်သူရှိသလို အများစုက ငွေကြေးချမ်းသာသူတွေ ဝယ်ယူတာများတယ်လို့ အဲဒီမှာ နေထိုင်သူတချို့က ဆိုပါတယ်။
အဲဒီမှာ ဝါးဓနိနဲ့ ယာယီတဲတွေ တည်ဆောက်ထားပြီး တဲအိမ်စောင့်သူတွေကို တလ ငွေကျပ် ၃ သောင်း ပေးထားတယ်လို့ နေထိုင်သူတွေက ဆိုပါတယ်။
အဲဒီမြေနေရာတွေကို အဖွဲ့အစည်းတချို့က နေရာဦးယူရောင်းချနေပြီး မြေနေရာတကွက်ကို ကျပ်သိန်း ၃၀ လောက်အထိ ပေါက်ဈေးရှိနေပါတယ်။
အဲဒီမြေနေရာဟာ စက်မှုဝန်ကြီးဌာနပိုင် မြေဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။