ရန်ကုန်မြို့တွင် မွန်အမျိုးသားနေ့ ပြန်လည်ကျင်းပခွင့်ရ
နန်းမြနဒီ
·
February 8, 2012
ရန်ကုန်မြို့မှာ ဆယ်စုနှစ် တခုကျော် ကျင်းပခွင့်မရခဲ့တဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို ဒီနှစ် ပြန်လည်ကျင်းပခွင့်ရခဲ့တယ်လို့ ရန်ကုန် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ဖေတင်က ပြောပါတယ်။
“အရင်နှစ်တွေကတော့ ကျနော်တို့ မိတ်ဆုံစားပွဲလောက်ပဲ လုပ်ခွင့်ရှိတယ်လေ။ အခု အစိုးရ သစ်လက်ထက်မှာ ၆၅ နှစ်မြောက် ဒီနှစ်မှာ ပြန်ဖွင့်ပေးတယ်။ ကျနော်တို့ ဒီနှစ်မှာ ထူးထူးခြားခြားလေး လုပ်နိုင်တာပေါ့နော်။ အခု ငြိမ်းချမ်းရေးလည်း ရပြီ။ အစိုးရသစ်လည်း ပြောင်းပြီဆိုတော့ ကျနော်တို့ကို ဖွင့်ပေးတယ်လို့ ထင်တယ်။ ဒီနှစ်တော့ တရက်ပဲ ကျင်းပတယ်။ လာမယ့် နှစ်မှာတော့ နှစ်ရက်လောက် ကျင်းပမယ်လို့ စဉ်းစားထားတယ် ပွဲစဉ် များများလေး ထည့်နိုင်အောင်လို့ပါ။”
ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မွန်ပြည်နယ်ထွက် ကုန်စည်နှင့်အစားအစာရောင်းချပွဲ၊ မွန်ရိုးရာအက၊ တေးဂီတ၊ ယဉ်ကျေးမှု ပဒေသာ အကတွေနဲ့ အတူ မွန်ဘုရင်မကြီး ရှင်စောပု နန်းတက်တဲ့ ပြဇာတ်ကိုပါ အထူးတင်ဆက်ခဲ့ပါတယ်။
အလားတူ ၆၅ ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲတွေကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ်နဲ့ နိုင်ငံအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
မွန်ပြည်နယ်က မွန်အမျိုးသားနေ့ကို တနှစ်တနေရာ အလှည့်ကျ နေရာပြောင်းပြီး အကြီးကျယ်ဆုံးပွဲအဖြစ် ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ကရင်ပြည်နယ် မွန်ဒေသ ကော့ဘိန်းရွာမှာ မနေ့ကစပြီး ၃ ရက်တိုင်တိုင် ကျင်းပနေတယ်လို့ ပွဲဖြစ်မြောက်ရေး ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။
“ဒီနေ့က အမျိုးသားနေ့ဆိုတော့ တမြို့လုံးမှာ ဆိုင်ကယ်တွေ အလံတွေထူပြီးတော့ ကားတွေနဲ့ မွန်ရိုးရာဝတ်စုံတွေနဲ့ လှည့်နေတာ။ မော်လမြိုင်ကနေ စက်စဲထိ လမ်းတလျှောက်၊ ကရင်ပြည်နယ်ဆိုလည်း ဗဟိုဌာနချုပ် မော်လမြိုင်ကနေစပြီး ရွာပေါင်းအကုန်လုံးက ဆိုင်ကယ်တွေ ကားတွေက မွန်အလံတွေ ထူပြီးတော့ သွားလာနေကြတယ်။ ဒီညဆိုရင် အလေးပြုမယ်။ ဌာနချုပ်က မွန်မျိုးချစ် ပုဂ္ဂိုလ်တွေက ဂုဏ်ပြုဆုပေးမယ်။ တခါမှ မလုပ်ဖူးဘူး။ ဒီနှစ်မှစပြီး ကော့ဘိန်းမှာရှိတဲ့ မွန်အဖွဲ့ကနေ စပြီးလုပ်တာပေါ့။”
မွန်ပြည်နယ်မြို့တော် မော်လမြိုင်မှာ ဒီကနေ့မနက်က သံဃာတော်တွေ ဆွမ်းကပ်ပြီး ညနေပိုင်းမှာ မွန်ပြည်နယ် ခန်းမဆောင်မှာ မွန်ရိုးရာကပွဲ၊ တေးဂီတ ဖျော်ဖြေပွဲတွေနဲ့အတူ ကျင်းပပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားပေးခဲ့တယ်လို့သိပါတယ်။
ထိုင်းနိုင်ငံရောက် မွန်အလုပ်သမားတွေကလည်း မွန်အမျိုးသားနေ့ ပွဲတော်ကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်နဲ့ မဟာချိုင်တွေမှာ ကျင်းပခဲ့ပါတယ်။
အမေရိကန်၊ နော်ဝေ၊ ကနေဒါ၊ မလေးရှား၊ ဩစတေးလျ နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မွန်လူမျိုးများကတော့ ဖေဖော်ဝါရီလ ၈ ရက် အမျိုးသားနေ့မှာ မကျင်းပနိုင်ပေမယ့် မိမိရောက်ရှိနေတဲ့ နိုင်ငံနဲ့ အားလပ်ရက် အခြေအနေအရ အမျိုးသားနေ့ အထိမ်းအမှတ်တွေကို ကျင်းပပါတယ်။
ပြည်ပရောက် မွန်အဖွဲ့အစည်းတွေကလည်း မွန်တမျိုးသားလုံး သွေးစည်းညီညွတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့ ဦးသိန်းစိန် အစိုးရကို ကြေညာချက် ထုတ်ပြန် တိုက်တွန်း နှိုးဆော်ထားပါတယ်။
မွန်အမျိုးသားနေ့ကို သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ရက်နေ့မှာ မွန်ဘုရင် ညီနောင်နှစ်ပါးဖြစ်ကြတဲ့ သမလမင်းနဲ့ ဝိမလမင်းတို့ ဟံသာဝတီ မွန်နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့တာကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။