သမ္မတထရမ့်ပိုင် ဟိုတယ်တွင် လိုင်စင်မဲ့သေနတ်ကိုင်သူကို ရဲက ဖမ်းဆီး

890
သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ဝါရှင်တန်မြို့က ထရမ့် အင်တာနေရှင်နယ် ဟိုတယ်မှာ လူတယောက်ကို လိုင်စင်မဲ့လက်နက် ကိုင်ဆောင်တာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့ပါတယ်။
ပန်ဆယ်ဗန်နီးယားပြည်နယ်သားတယောက်ဟာ ရိုင်ဖယ်တလက်၊ ပစ္စတိုတလက်နဲ့ ကျည်ဆန် အတောင့် ၉၀ ကိုင်ဆောင်ထားတာကို ရဲက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သမ္မတထရမ့် ပိုင်ဆိုင်တဲ့ ဝါရှင်တန်ဟိုတယ်မှာ အဖမ်းခံခဲ့ရပါတယ်။
အီဒင်ဘိုရိုမြို့နယ်မှာ နေထိုင်သူ အသက် ၄၃ နှစ်အရွယ် ဘရိုင်ယန်မိုးလ်စ်ကို သမ္မတအိမ်ဖြူတော်နဲ့ မလှမ်းမကမ်းက ထရမ့် အင်တာနေရှင်တယ် ဟိုတယ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ မက်ထရိုပိုလီတန် ရဲဌာနက ပြောကြားခဲ့ပါတယ်။
ဘရိုင်ယန်မိုးလ်စ်ဆီမှာ တခြားကျည်ဆန်တွေလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ကို လိုင်စင်မရှိဘဲ လက်နက်ကိုင်ဆောင်မှုအပြင် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ ကျည်ဆန်တွေ လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။
ပန်ဆယ်ဗန်နီးယား အဗန်နူးလမ်းပေါ်မှာ ရှိတဲ့ ထရမ့်အင်တာနေရှင်နယ် ဟိုတယ်ဟာ ဇန်နဝါရီလမှာ သမ္မတထရမ့် အရွေးခံရပြီးနောက်ပိုင်း လူအများစုရဲ့ ဆန္ဒပြရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။