ဝန်ထမ်းလစာ တိုးမြှင့်ပေးရေးအဆို ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု
DVB
·
February 7, 2012
အစိုးရ ဝန်ထမ်းတွေကို လစာတိုးမြှင့်ပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အဆိုတင်သွင်းတာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
[caption id="attachment_21007" align="alignleft" width="300" caption="ဦးရွှေမန်း"][/caption]
ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဝန်ထမ်းတွေရဲ့လုပ်ခလစာနဲ့ ချီးမြှင့်ငွေတွေကို လာမယ့် ဘတ်ဂျက်နှစ်အစမှာ မဖြစ်မနေ တိုးမြှင့်ပေးရေး အပါအဝင် အချက် ၆ ချက်ကို တင်သွင်းခဲ့တာပါ။
“စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းအောင် မြှင့်တင်ပေးရာ ရောက်တဲ့ ဝန်ထမ်းအဆင့်အတန်းအလိုက် ထိုက်သင့်သော လုပ်ခ၊ လစာနဲ့ စရိတ်များ ချီးမြှင့်ပေးခြင်း၊ လေ့ကျင့်ဆွေးနွေး ပညာပေးခြင်း၊ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးစေခြင်းဖြင့် နိုင်ငံတော်သမ္မတကြီး ပြောကြားသော သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော စီမံခန့်ခွဲမှု ဖြစ်ရန် အလားအလာ ရှိလာမှာ ဖြစ်ပါတယ်။ လက်ရှိ ရရှိနေသော လုပ်ခ လစာ စရိတ်နဲ့ ချီးမြှင့်ငွေများဟာ ယနေ့ခေတ် ကာလနဲ့ လိုက်လျောညီထွေ မရှိလှပါ။ အခြေခံ စားဝတ်နေရေး လူမှုရေးအတွက် လောက်ငစွာ မရရှိကြပါ။ ဒါကြောင့် ကျနော်ရဲ့ တင်ပြချက်သည် ယနေ့ဝန်ထမ်းများရဲ့ လုပ်ခ လစာ၊ စရိတ်၊ ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျင်အမြန် တိုးပေးရန် လိုအပ်တယ်ဆိုတဲ့ အချက်ကို ထောက်ပြခြင်းပဲ ဖြစ်ပါတယ်။”
ပြည်ထောင်စု လွှတ်တော်ကလည်း အဲဒီ့ အဆိုပြုချက်ကို အတည်ပြုပေးလိုက်ပါတယ်။
အခုလို လစာတွေ တိုးမြှင့်မယ့်အပေါ် ရွှေ့ပြောင်းအလုပ်သမားတဦးက “ကိုယ့်နိုင်ငံမှာ လစာတိုးမယ်ဆိုရင်တော့ လွတ်လွတ်လပ်လပ် လုပ်စားလို့ရတယ်။ သူများနိုင်ငံမှာ ဆိုရင်တော့ မလွတ်မလပ်နဲ့ လုပ်စားရတော့ ကိုယ့်နိုင်ငံက ပိုကောင်းတာပေါ့။ ကျမအနေနဲ့ ကိုယ့်နိုင်ငံမှာ လစာတိုးမယ်ဆိုရင် ကောင်းမယ်လို့ ထင်တယ်။”
အစိုးရဝန်ထမ်းတွေ လစာတိုးမယ့် သတင်းကြားတဲ့အခါ ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာ လစာတိုးလာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
“လစာတွေ တိုးတယ်ဆိုတော့ ကောင်းတာပေါ့လေ။ ကျေးဇူးတင်ပါတယ်။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းတွေက တတ်လာတယ်ဆိုရင် လစာတိုးတာလည်း ဘာမှမထူးဘူးလေ။ ကိုယ့်နိုင်ငံမှာတော့ ကိုယ်လုပ်စားချင်တာပေါ့။”
သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဝန်ထမ်းဟောင်း ပင်စင်စားတွေအတွက် ပင်စင်လစာ တိုးပေးဖူးပြီး လက်ရှိဝန်ထမ်းလစာ တိုးမြှင့်ပေးဖို့ အတည်ပြုလိုက်တာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။