Live
Home
မြန်မာသတင်း
ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို ရုံးထုတ်
ပြည့်ဘုန်းအောင်
·
June 1, 2017
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိကြောင်း အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးကို ဒီနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က ဆန္ဒထုတ်ဖော်မှုအတွက် ငြိမ်းစုစီပုဒ်မ ၁၉ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ဖမ်းဆီးခံထားရသူ ကိုဝင်းကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနဲ့ ကိုနိုင်ဝင်းအောင် တို့ အမှုအတွက် အာမခံလျှောက်ထားမှုကို တရားရုံးက ပယ်ချထားပါတယ်။ တရားဆွဲခံထားရသူ ကိုဝင်းကိုကိုလတ်က “အစိုးရဟာ ဘာပဲလုပ်လုပ် အမျိုးသားရေး အမြင်နဲ့ပဲ လုပ်ပါ။ အစိုးရရဲ့ အမျိုးသားရေးဆောင်ရွက်ချက်တွေကို ထောက်ခံသွားမယ် အမျိုးသားရေးကို ထိပါးလာရင်တော့ ကန့်ကွက်သွားတယ်။ အဲဒီအတွက် ထောင်ထဲထည့်ထားလည်း ဂရုံစိုက်မှာ မဟုတ်ဘူး”လို့ ရုံးထုတ်မှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်မှုကြောင့် တရားစွဲဆိုခံရရာမှာ ပါဝင်သူ ဆရာတော် ဦးပါမောက္ခနဲ့ အခြားသံဃာနှစ်ဦးကတော့ သံဃနာယကအဖွဲ့ရဲ့ ညွှန်ကြားစာပါမှသာ တရားရုံးကို လာရောက်ဖြေရှင်းမယ်လို့ ပြောဆိုထားပြီး ဒီနေ့မှာလည်း တရားရုံး မတက်ရောက်ခဲ့ပါဘူး။ ဒီနေ့ ရုံးထုတ်မှာ ကမာရွတ်တရားရုံးကို သံဃာတော်တချို့နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား ၂၀ နီးပါးက “ဘင်္ဂါလီ ရိုဟင်ဂျာဟု သုံးနှုန်းမှု ချက်ချင်းရပ်။ အမျိုးသားရေးသမားများအား ဖိနှိပ်ဖမ်းနေမှု ချက်ချင်းရပ်” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဗီနိုင်းတွေ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ပြည့်ဘုန်းအောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024