Homeမြန်မာသတင်း
အရပ်သား ၄ ဦးအား နှိပ်စက်သည့်ကိစ္စ စုံစမ်းအရေးယူမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်
အရပ်သား ၄ ဦးအား နှိပ်စက်သည့်ကိစ္စ စုံစမ်းအရေးယူမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်
DVB
·
June 1, 2017
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းမိခဲ့တဲ့ အရပ်သား ၄ ဦးကို စစ်ဝတ်စုံဝတ်အချို့ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ချိုးဖောက်မှုတွေကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အရေးယူ သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက မေ ၃၁ ရက်က သတင်းထုတ်ပြန်ပါတယ်။
မေလ ၂၇ ရက်နေ့က လူမှုကွန်ရက်မှာ ၁၇မိနစ်ကြာတဲ့ ဗွီဒီယိုဖိုင်တခု စတင်လွှင့်တင်ခဲ့ပြီး အဆိုပါဗွီဒီယိုဖိုင်မှာ အရပ်ဝတ် ၄ ဦးကို စစ်ဝတ်စုံဝတ်အချို့က ကိုယ်ထိလက်ရောက် ပြုမူနေတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ခဲ့ပါတယ်။
ဗွီဒီယိုဖိုင်မှာ လက်ထိတ်ခတ်ထားတဲ့ အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နဲ့ ကန်ကာ သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ဗွီဒီယိုရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အာဏာပိုင်တွေအနေနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေး အဖွဲ့က ၂၈ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။
တပ်မတော်ကလည်း ဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း အလားတူ ထုတ်ပြန်တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံအစိုးရအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များထွက်ပေါ်လာခဲ့ပါက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေး၍ ချိုးဖောက်မှုများ အမှန်တစ်ကယ်တွေ့ရှိရပါက တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။