မိုရာဆိုင်ကလုန်းကြောင့် ညောင်ဦးတွင် ဘုန်ကြီးကျောင်း၊ နေအိမ်များ ပျက်စီး
DVB
·
May 31, 2017
မိုရာဆိုင်ကလုန်းမုန်တိုင်း အဖျားခတ်ခဲ့တဲ့ ညောင်ဦးမြို့နယ်တွင်းက စေတီ၊ ဘုန်ကြီးကျောင်း၊ နေအိမ်နဲ့ စာသင်ကျောင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ညောင်ဦးမြို့နယ် စဥ့်ကူရဲစခန်းက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကြအိုကျေးရွာနဲ့ မြေသန့်တောင်ကျေးရွာတွေမှာ မေ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်လောက်က မိုးနဲ့အတူ မုန်တိုင်းလေပြင်း တိုက်ခိုက်ခဲ့တဲ့အတွက် စေတီ ၂ ဆူ ထီးတော်မြေခကာ သိမ်ကျောင်း အမိုးလန်ခဲ့ပြီး လူနေအိမ် ၇၈ လုံးလောက် ပျက်စီးခဲ့တာပါ။
ညောင်ဦးမြို့နယ်၊ စဥ့်ကူရဲစခန်း စခန်းမှူး အောင်မိုးကျော်က “နေ့လယ် ၁၂ နာရီ ၄၅ မိနစ် လောက်က မိုးနဲ့လေကနေ လေပွေလေဆင်နှာမောင်းလို ၅ မိနစ်လောက်ဖြစ်ခဲ့တယ်။ မြေသန်တောင် ကျေးရွာမှာ အိမ် ၄ လုံးပြိုတယ်။ အမိုးလန်တာ ၁၁ အိမ်၊ ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်း ၃၃ သိန်း ၅ သောင်းပါ။ ကြအိုကျေးရွာမှာတော့ စာသင်ကျောင်းက အဆောက်အဦ ၇ လုံးမှာ ၃ လုံးပြိုကျတယ်။ ၄ လုံး အမိုးလန်တယ်၊ ဆုံးရှုံးမှုက သိန်း ၅၂၀၊ ကြအို အရှေ့မင်းကျောင်က စေတီနှစ်ဆူ ထီးတော်ကျိုးကြတယ်။ သိမ်အမိုးလန်တယ်။ ဆုံးရှုံးမှုက ၁၅ သိန်းခန့်ပါ။ လူနေအိမ် ၁၀ လုံး၊ တဲ ၂ လုံးပြိုတယ်။ အမိုးလန်တာ ၅၁ လုံးရှိတယ်။ ဆုံးရှုံးမှု တန်ဖိုးက ၁,၄၇,၁၁,၀၀၀ ကျပ်ခန့် ရှိတယ်။ စုစုပေါင်း ဆုံးရှုံးမှု ၇၁၅,၆၁,၀၀၀ ကျပ်ခန့်ရှိပါတယ်”လို့ ပြောပါတယ်။
လေဘေးသင့်နေရာကို စဥ့်ကူရဲစခန်းမှ တာဝန်ရှိသူတွေ၊ စဥ့်ကူ၊ ညောင်ဦးမြို့နယ်တွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ညောင်ဦးမြို့နယ်နဲ့ ကျောက်ပန်းတောင်းမြို့နယ်က တပ်မတော်သားတွေက ကူညီဆောင်ရွက်ခဲ့တယ်လို့ ဒေသခံ ပရဟိတလူငယ်တဦးက ပြောပါတယ်။
သတင်း - ကိုလင်း(ချောက်)