၆၅ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ပြည်တွင်းပြည်ပတွင် ကျင်းပ
နန်းမြနဒီ
·
February 7, 2012
ဒီကနေ့ ကျရောက်တဲ့ ၆၅ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပြည်တွင်းပြည်ပ အသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
ရန်ကုန်မြို့ ကိုးမိုင်အောင်မြေဘုံသာ ရှမ်းကျောင်းက ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်ရှမ်းစာပေ၊ ယဉ်ကျေးမှုနဲ့ တောင်ကြီးအသင်းရဲ့ နာယက ဒေါက်တာစိုင်းဆန်အိုက်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပြခန်းမှာ ရှမ်းပြည်နယ်နေ့ သမိုင်းကြောင်းနဲ့ ရှမ်းပြည်နယ်အလှအပရှုခင်း၊ တိုင်းရင်းသား ဓာတ်ပုံတွေ ခင်းကျင်းပြသပြီး ရှမ်းပြည်တိုင်းရင်းသားရိုးရာအဝတ်အထည်၊ အစားအစာတွေပါ ခင်းကျင်းရောင်းချကြပါတယ်။
ဒီကနေ့ညမှာ ရှမ်း၊ ပအိုဝ့်၊ ပလောင်၊ အင်းသား၊ ဓနု စတဲ့ တိုင်းရင်းသားပေါင်းစုံ အကပဒေသာပွဲနဲ့အတူ ရှမ်းပြည်နယ်ဖွား နာမည်ကြီး အဆိုတော်တွေပါ လာရောက်ဖျော်ဖြေကြမယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဒေါ်နန်းဝိုးဆိုင်က ပြောပါတယ်။
“ဒီနှစ်ကတော့ ပထမဆုံး လုပ်တာဆိုတော့ အားလုံးကလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားကြတယ်။ အကတွေအားလုံးကတော့ ၁၃ဖွဲ့ ရှိတယ်။ တောင်ကြီးအသင်း၊ ပအိုဝ့်ယဉ်ကျေးမှုအသင်း၊ တက္ကသိုလ်များ ရှမ်းစာပေယဉ်ကျေးမှု အသင်း၊ မြို့နယ်အသင်း၊ အင်းယဉ်ကျေးမှုအသင်းပေါ့။ အဲဒါတွေပါပဲ။”
ရန်ကုန်က ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပြီးခဲ့တဲ့နှစ်တွေတုန်းက နှစ်စဉ် ကျင်းပခဲ့ပေမယ့်လည်း အာဏာပိုင်တွေက ရှမ်းပြည်နယ်နေ့၊ ရှမ်းအမျိုးသားနေ့ဆိုတဲ့ ခေါင်းစည်းနဲ့ ပွဲမိန့် မပေးခဲ့တဲ့အတွက် တိုင်းရင်းသားရိုးရာ ပဒေသာကပွဲဆိုတဲ့ အမည်နဲ့သာ ကျင်းပခဲ့ရပြီး ဒီနှစ်ကတော့ ထူးထူးခြားခြား ရှမ်းပြည်နယ်နေ့ဆိုတဲ့ အသုံးအနှုန်းကို သုံးခွင့်ပေးလိုက်တယ်လို့ နန်းဝိုးဆိုင်က ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်က တောင်ကြီး၊ ပင်လုံ၊ မိုင်းပန်၊ မူဆယ်၊ နမ့်ခမ်း စတဲ့ မြို့တွေမှာလည်း ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့တယ်။
ပြည်နယ်မြို့တော် တောင်ကြီးမြို့ ရှမ်းစာပေအသင်းတိုက်မှာ လုပ်တဲ့ အခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ထူးထူးခြားခြား ဒီနှစ်မှာ ရှမ်းပြည်နယ်အလံကို အိမ်တိုင်းမှာ လွှင့်ထူကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများကလည်း ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၉၄၇ ခု ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းစော်ဘွားများနဲ့ တောင်တန်းဒေသ ပြည်သူကိုယ်စားလှယ်တွေ စည်းလုံးညီညွတ်မှု ရရှိပြီး နယ်ချဲ့အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေးရယူဖို့ သဘောတူညီချက် ရခဲ့တယ်။ အဲဒီနေ့ကို ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားအားလုံးရဲ့ အမျိုးသားနေ့၊ ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ အစိုးရနဲ့ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရှမ်းပြည်တပ်မတော် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီကလည်း ရှမ်းပြည်နယ်နေ့နဲ့ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလန်ဌာနချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါသေးတယ်။