သီရိလင်္ကာတွင် ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၇၇ ဦးရှိပြီ

သီရိလင်္ကာမှာ ရေကြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁၇၇ ယောက်ထိ မြင့်တက်သွားပြီး လူ ၁၀၉ ယောက် ပျောက်ဆုံးနေဆဲလို့ ကပ်ဘေး စီမံရေးဌာန  (DMC) က မေ ၂၉ ရက် ကထုတ်ပြန်ပါတယ်။ လူ ၈၈ ယောက်ကို ဆေးရုံတင်ထားရသလို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွင်း အပျက်အစီးတွေထဲက အလောင်းတွေကိုလည်း ဆွဲထုတ် နေရဆဲပါ။ ရေကြီးမှုကြောင့် လူအယောက် ၅ သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရပြီး အိမ်ခြေ ၅ သောင်းနီးပါး ပျက်စီးခဲ့တယ်လို့  DMC က ပြောပါတယ်။ ရေဘေး အဆိုးဆုံး သင့်ခဲ့တဲ့ ရတ်နာပူရခရိုင်ကို သမ္မတ မိုင်သရီပါလာ စီရီစေနာ သွားရောက်ခဲ့ပြီး ရေဘေးသင့် ပြည်သူတွေ သင့်တော်တဲ့ အထောက်အပံ့တွေနဲ့ အိမ်အသစ် ရစေမယ်လို့ အာမခံ ပြောကြားခဲ့ပါတယ်။ ဒီမြို့ဟာ ရေအောက် ဆယ်ပေကျော် နစ်မြုပ်ခဲ့တာပါ။ မေ ၂၈ ရက်နေ့မှာ ရေစကျလာပြီး ဒေသခံတွေလည်း သူတို့ အိမ်ပျက်တွေဆီ ပြန်စပြုနေပါပြီ။ မိုးလေဝသ သတိပေးချက်တော့ ဆက်ရှိနေပြီး ပုံမှန်ပြန်မဖြစ်ခင် လပေါင်းများစွာ အချိန်ယူရနိုင်ပါတယ်။ တရုတ်အစိုးရက သီရိလင်္ကာ ရေဘေး သက်သာရေးအတွက် ယွမ်ငွေ ၁၅ သန်းတန် အကူအညီတွေ ပေးဖို့ ကတိပြုထားပါတယ်။ ပါကစ္စတန်နဲ့ ကနေဒါတို့ကိုလည်း အကူအညီတွေ ကမ်းလှမ်းထားပါတယ်။ ရေပြန်အကျမှာ ဗိုင်းရပ်စ်နဲ့ ရောဂါတွေ ပြန့်ပွားမှာ ပိုစိုးရိမ်နေတယ်လို့ ဆေးဘက်အဖွဲ့အစည်းတွေက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up