A d v e r t i s e m e n t With Us

ကျည်ကာအင်္ကျီသယ်လာသည့် ဗြိတိန်သတင်းထောက်ကို ထိုင်းက ဖမ်းဆီး

ကျည်ကာ သံမဏိပြားပါတဲ့ အပေါ်အင်္ကျီ သယ်ဆောင်ထားတဲ့ ဗြိတိန် သတင်းထောက်တယောက် လက်နက်ကိုင်ဆောင်မှုနဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ဒီနေ့ ဖမ်းဆီး တရားစွဲခံခဲ့ရပါတယ်။ အသက် ၄၆ နှစ်အရွယ် အန်ထော်နီချန်းကို ဂျာမန်အလွတ်တန်း သတင်းထောက် ဖလိုရီယံ ဝီတူစကီနဲ့အတူ သုဝဏ္ဏဘူမိလေဆိပ်မှာ တနင်္လာနေ့က စစ်ဆေးနေတုန်း ကျည်ကာ အပေါ်အင်္ကျီ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးစွပ်တို့ကို တွေ့ခဲ့တာပါ။ ဒီပစ္စည်းတွေဟာ မငြိမ်သက်တဲ့ ပတ်ဝန်းကျင်နဲ့ စစ်မြေပြင်တွေမှာ သတင်းယူတဲ့ သတင်းထောက်တွေအတွက် စံသတ်မှတ်ထားတဲ့ ပစ္စည်းတွေပါ။ သူတို့ဟာ တရုတ်အခြေစိုက် စီစီတီဗွီ သတင်းဌာန အင်္ဂလိပ်ပိုင်း အစီအစဉ်အတွက် တာဝန်နဲ့ တူရကီကတဆင့် အီရတ်ကိုသွားမယ့် လေကြောင်းခရီးစဉ်ကို မလိုက်ပါမီ ခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။ ချန်းဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၃ ခုနဲ့ ဘေးကင်းရေးအင်္ကျီထဲမှာ ထည့်တဲ့ သံမဏိပြား ၄ ခုတို့ကို သယ်ဆောင်ထားတယ်လို့ ရဲစစ်ဆေးရေးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်နက်ထိန်းချုပ်ရေး အက်ဥပဒေအရ ဒီပစ္စည်းတွေကို စစ်ဘက် လက်နက်တွေလို့ သတ်မှတ်ထားပြီး ကိုင်ဆောင်သူတွေမှာ လိုင်စင်ရှိဖို့ လိုပါတယ်။ ၂၀၁၅ သြဂုတ်တုန်းကလည်း ဟောင်ကောင်သား ဓာတ်ပုံသတင်းထောက် တယောက်ဟာ ဒီလေဆိပ်မှာပဲ ကိုယ်ကာဝတ်စုံနဲ့ ဦးထုပ် သယ်ဆောင်မှုအတွက် အဖမ်းခံရပါသေးတယ်၊ သူ့အပေါ် စွဲချက်တွေကို နောက်ပိုင်းမှာ ပယ်ချခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up