Home
မြန်မာသတင်း
ကျပ်သန်း ၃ ထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးများကို မြိတ်ခရိုင်ရဲရုံးသို့ မီးရှို့ဖျက်ဆီးရန် အပ်နှံ
DVB
·
May 30, 2017
မြိတ်ခရိုင်အတွင်းမှာ ဖမ်းဆီးရမိထားတဲ့ ကျပ်သန်း ၃ ထောင်နီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေကို မြို့နယ်အသီးသီးမှ ခရိုင်ရဲရုံးမှာ မေလ ၂၉ ရက်နေ့က လာရောက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ ၁ နှစ်တာအတွင်း ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးအမျိုးမျိုးကို မြို့နယ်တရားရုံး အသီးသီးက အမိန့်ချမှတ်ပြီး ဖြစ်တဲ့အတွက်  မီးရှို့ဖျက်ဆီးဖို့ လာရောက်အပ်နှံကြတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ဒီနေ့အထိ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အဖွဲ့နဲ့ စနစ်တကျ လက်ခံပေးတာပါ။ “ဒီမူးယစ်ဆေးတွေကို လက်ခံပြီးရင် ထားဝယ်ကို ပို့ပါမယ်။ ထားဝယ်ကနေတဆင့် ရန်ကုန်မြို့ကို ပို့ဆောင်ပေးသွားမယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ဖျက်ဆီးတဲ့ အခမ်းအနားမှာ မီးရှို့ဖျက်ဆီးမှာပါ။ အမှုတွဲ အားလုံး ၂၈၆ မှုရှိပါတယ်။ မူးယစ်ဆေးတန်ဖိုးတွေက စုစုပေါင်းကျပ်သိန်း ၃ သောင်းအထိ ရှိပါတယ်” လို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးဒုရဲမှူးစောနိုင်က ပြောပါတယ်။ လာရောက်အပ်နှံပေးတဲ့ မူးယစ်ဆေးဝါးတွေက အမှုတွဲ ပြီးပြတ်တဲ့ မူးယစ်ဆေးဝါး အမှုများမှဖြစ်ပြီး အဲဒီမူးယစ်ဆေးဝါးတွေကို မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ်အထူးရဲတပ်ဖွဲ့၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့၊ (မူးယစ်ဌာနစိတ်)တာဝန်ခံတို့က လက်ခံ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၆ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၇ မေလ ၂၅ ရက်နေ့အတွင်း မြိတ်ခရိုင်အတွင်းမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများအနက် မြို့နယ်တရားရုံးအသီးသီးမှာ တရားစွဲ ပြီးပြတ်ပြီးဖြစ်တဲ့ အမှုများမှ မူးယစ်ဆေးဝါးတွေ ဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးများ တိုက်ဖျက်ရေးနေ့မှာ အဆိုပါ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့မှာ မီးရှို့ ဖျက်ဆီးသွားမယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024