ခွဲထွက်ခွင့်မရှိစေရဆိုတဲ့စကားရပ်အပေါ် သဘောတူညီချက်မရ ဦးဇော်ဌေး (ရုပ်သံ)
ကျော်ဇေယျာဝင်း
·
May 28, 2017
နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်အပေါ် ဆွေးနွေးညှိနှိုင်းလို့ မရတဲ့အတွက် ဒီကနေ့ကျင်းပတဲ့ ၂၁ရာစုပင်လုံ အစည်းအဝေး ပဉ္စမနေ့ UPDJC အစည်းအဝေးမှာ ပြည်သူတွေမျှော်လင့်တဲ့ ရလဒ်ကောင်း မရရှိခဲ့ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။
ခွဲထွက်ခွင့်ကိစ္စ ဦးဇော်ဌေးရဲ့ ရှင်းလင်းပြောချက်ချက် အပြည့်အစုံ --
“နိုင်ငံရေးကဏ္ဍစုစုပေါင်း ၄၁ ချက်ဆွေးနွေးတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ ညနေ UPDJC အစည်းအဝေးပြီးမှပဲ ကျနော်တို့ ပြန်ပြီးတော့ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံ လုပ်မယ်။ လောလောဆယ် ကျနော်တို့ ပြောနိုင်တာကတော့ နိုင်ငံရေးကဏ္ဍ ၂၁ ချက်ရှိရမှာ ကျနော်တို့ သဘောတူညီချက် ဆုံးဖြတ်ချက် ချနိုင်တာ ၁၂ ချက်ရပါတယ်။ တခုရှိတာကတော့ ကျနော်တို့ ပြည်သူတွေ မျှော်လင့်နေတဲ့ ရလဒ်ကောင်းပေါ့နော်။ အဲဒါမျိုးကတော့ နည်းပါးပါလိမ့်မယ်။”
“ဒီမှာလည်း ကျနော်တို့ အထူးသဖြင့် အငြင်းပွားမှုဖြစ်တယ်ပေါ့။ သဘောတူညီချက် မရတာဟာ ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့်ကိစ္စဖြစ်တယ်။ ခွဲထွက်ခွင့် ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ နှစ်ဖက် အပြန်အလှန် ဆွေးနွေးကြတယ်။ ဆွေးနွေးကြတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများဘက်က ခွဲထွက်ခွင့် ကတိက၀တ်နဲ့ ပတ်သက်လို့ ဒါကို သူတို့က ဒီအချိန်မှာ မထည့်စေ ချင်ဘူး။ ကျနော်တို့ စပြီးတော့ ဖက်ဒရယ်မူကို ဆွေးနွေးကတည်းကအတိုင်း ခွဲမထွက်ဘူးဆိုတဲ့ ဟာကို ကျနော်တို့က ယူပါတယ်။ တဖက်ကလည်း ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်။ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒါကို ကျနော်တို့က ချိတ်ထားတာ။ ချိတ်ထားတာဖြစ်တဲ့အတွက် ဆွေးနွေးတဲ့အခါမှာ ခွဲမထွက်ရဆိုတဲ့ အချက်ပေါ့နော် ဒီအချက်ကို သဘောတူမှ ဟိုအချက်တွေက လာမှာဖြစ်ပါတယ်။ အဲဒီအချက်မှာ တင်ကျနော်တို့ သဘောတူညီမှု မရပါဘူး။ မရတဲ့အတွက် ကျန်တဲ့အချက်တွေလည်း ကျနော်တို့ ညီလာခံမှာပေါ့နော် စိတ်မကောင်းစွာပဲ ချန်ထားခဲ့ရပါတယ်။ ဒါကတော့ ဒီနေ့ နိုင်ငံရေးဆွေးနွေးပွဲ မှာ ကျန်တဲ့ ဖက်ဒရယ်ဆိုင်ရာ ဖက်ဒရယ်မူ ၁၂ ချက်တော့ ရပါတယ်။ သို့သော် ကျနော်တို့ အစည်းအဝေး မတိုင်ခင်က ပြောကြားခဲ့တဲ့ အချက်တွေကိုတော့ ကျနော်တို့ ဒီညီလာခံမှာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။”
“အဓိက ကျနော်တို့ ပြောချင်တာကတော့ မေးစရာ မေးခွန်းဖြစ်တာပေါ့နော်။ ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတာကို ကတိမပြုနိုင်ဘူးပေါ့။ အဲဒါဆို ကျနော်တို့က မေးစရာရှိတာဘာလဲ။ ခွဲထွက်ချင်လို့လားဆိုတဲ့ ဟာတွေဖြစ်လာတာပေါ့။ ဖြစ်လာတော့ ကျနော်တို့ အတွင်းထဲမှာတော့ ကြိတ်ပြီး ဆွေးနွေးတာပေါ့။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့ဘက်က ဒါကို ကတိက၀တ်မပြုနိုင်ဘူးတဲ့။ မပြုနိုင်တဲ့အတွက် ကျန်တဲ့ ကိုယ်ပိုင် အခြေခံဥပဒေတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဒါတွေလည်း ကျနော်တို့ မရတော့ပါဘူး။ ဒီဟာကို Commitment ပေးမှ ဟိုအခွင့်အရေးတွေရမှာပေါ့နော်။ ဒီလိုမျိုး ကျနော်တို့က ချိတ်ထားတာပေါ့။ ချိတ်ထား တာဖြစ်တဲ့အတွက် အခုတခေါက် ညီလာခံမှာတော့ ဒါတွေ သဘောတူညီချက်မရတဲ့ အတွက် ဆက်လက်ပြီးတော့ မဆွေးနွေးတော့ဘူးဆိုပြီး ကျနော်တို့ ဆုံးဖြတ်လိုက်ပြီ။ ဒါပေမယ့် ကျနော်တို့ ဒီအချက်ပေါ့နော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ကိုယ်ပိုင်အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ အချက်တွေ၊ ခွဲထွက်ခွင့် ကိစ္စတွေကိုတော့ နောင်မှာ ဆက်ဆွေးနွေးမယ်ဆိုတာ ကျနော်တို့ သဘောတူညီပါတယ်။ နောင်မှာဆိုတာကတော့ နောင်လာမယ့် ဆက်ရှင်မှာ ဖြစ်မလားပေါ့နော်။ ဒါကတော့ သက်ဆိုင်ရာ အစုအဖွဲ့ပေါ်မှာ မူတည်ပါတယ်။”
“ဒီနေ့ပွဲမှာတော့ အစိုးရဘက်က၊ တပ်မတော်ဘက်က ဒါကို အထူးပြုပြီးတော့ အလေးထားပြီး ဆွေးနွေးပါတယ်။ တပ်မတော်နဲ့ အစိုးရ၊ လွှတ်တော် အားလုံးက တသဘောတည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ခွဲထွက်ခွင့်ရရင် ကျနော်တို့က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အခြေခံဥပဒေ တန်းတူ ဒါတွေအကုန်လုံးရဖို့ ဆွေးနွေးသော်လည်း နောက်ဆုံးတော့ မအောင်မြင်ဘူး။ မအောင်မြင်တော့ ကျနော်တို့ စိတ်မကောင်းစွာနဲ့ပဲ ဒီတပတ် ညီလာခံမှာ ချန်ထားခဲ့ပါတယ်။”
“ကျန်တဲ့ အချက်တွေရှိ တယ်။ ဒါပေမယ့် ကျနော်တို့က ဖက်ဒရယ်မှာ အဓိကပေါ့နော်။ အဓိက အချက်က ကျနော်တို့နိုင်ငံမှာ အစဉ်အလာရှိတယ်။ ဖက်ဒရယ်ဆိုတာနဲ့ ကျနော်တို့ ၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်တယ်။ စစ်တပ် က အာဏာသိမ်းတယ်။ ဒါက ဖက်ဒရယ်နဲ့ ဆက်တာပေါ့နော်။ အရင်တုန်းက ကျနော်တို့အားလုံးရဲ့ စိတ်ထဲမှာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးဆိုတဲ့ အမြင်တွေရှိတယ်။ အခုနောက်ပိုင်းမှာမှ ဖက်ဒရယ်ဆိုတာ ခွဲမထွက်ဘူး။ ပေါင်းစည်းရေးဆိုတာ လူတွေက လက်ခံလာ တယ်။ ဒါကလည်း တကယ်ကို လေ့လာလာတော့မှ သိတာ။ သို့သော် ကျနော်တို့ ပြည်သူတွေစိတ် ထဲမှာရော၊ တပ်မတော်ရော အစိုးရရော အားလုံးစိုးရိမ်ပူပန်မှု ရှိတယ်။ အကယ်၍ ဒီဟာကြောင့် ကျနော်တို့ ပြည်ထောင်စု အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားမလားပေါ့။ ပြီးခဲ့တဲ့ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပထမအကြိမ် အစည်းအဝေးမှာ ဆိုရင် စာတမ်းတွေ ဖတ်ကြတယ်။ ဖတ်တဲ့အခါမှာ အမျိုးမျိုး သဘောထားတွေရှိတယ်။ အဲမှာလည်း အများကြီးပါတယ်။ အဲဒီအပေါ်မှာလည်း ပြည်သူကလည်း စိုးရိမ်မှုရှိပါတယ်။”
“အဲဒီတော့ ကျနော်တို့က ၂၁ ရာစု ပင်လုံရဲ့ အဓိကရည်ရွယ်ချက်က ပြည်ထောင်စုကြီးကို မကွဲမပျက်ဘဲနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ဖြစ်ပါတယ်။ အဲဒီမှာမှ ကျနော်တို့ အဓိက လိုချင်တာက ခွဲမထွက်ဘူးဆိုတဲ့ ဟာလေးပါ။ ဒီအာမခံချက်က သမိုင်းရဲ့ သင်ခန်းစာအရ ထည့်တာဖြစ်ပါတယ်။ နောက်အများရဲ့ စိုးရိမ်ပူပန်မှုကို ဖြေဖျောက်နိုင်အောင် ကျနော်တို့ ထည့်တာဖြစ်ပါတယ်။ ဒီဟာကို ပေးနိုင်တယ်ဆိုရင် ကျနော်တို့ တဖက်မှာရှိတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းချက် ဒါတွေကို ကျနော်တို့ ပေးနိုင်မှာဖြစ်ပါတယ်။ သို့သော် ဒီနေ့အစည်းအဝေးမှာတော့ ကျနော်တို့ အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ တချို့ဆို တောင်းတောင်းပန်ပန်နဲ့ ဒါကို ပြောကြတာရှိပါတယ်။ ”