မိကျောင်းလည်ပင်းအား ညှစ်ပြီး အတင်းဘီယာတိုက်သည့် အမျိုးသား ၂ ဦး တရားရင်ဆိုင်နေရ

866
အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် အာဏာပိုင်တွေက မိကျောင်းရဲ့ ပါးစပ်ထဲ ဘီယာတွေ အတင်းလောင်းထည့်တဲ့ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တင်တဲ့ အမျိုးသား ၂ ဦးကို နှောင့်ယှက်မှုပုဒ်မနဲ့ တရားစွဲထားပါတယ်။
မစ္စစပီပြည်နယ် ရစ်ခ်ျလန်းမြို့က ဂျိုးဇက်ဖလွိုက် အသက် ၂၀ နဲ့ ဇာကရီလွိုက်ဘရောင်း အသက် ၂၁ တို့ကို သဘာဝတောရိုင်း တိရစ္ဆာန်နှောင့်ယှက်မှုနဲ့ တရားစွဲဆိုထားတယ်လို့ တောင်ကာရိုလိုင်းနားပြည်နယ် သဘာဝအရင်းအမြစ်များ ဌာနက ထုတ်ပြန်တဲ့ သတင်းမှာ ရေးသားထားပါတယ်။
ဒီအခင်းဖြစ်ပွားခဲ့တာက တောင်ကာရိုလိုင်းနားပြည်နယ်ရဲ့ တောင်ဘက်အကျဆုံး ကမ်းရိုးတန်းဒေသမှာ ရှိတဲ့ ဂျက်စပါကောင်တီထဲမှာ မေလ ၂၄ ရက်နေ့က ဖြစ်ခဲ့တာပါ။
မိကျောင်း လမ်းပေါ်ကို ဖြတ်သွားတာ သူတို့မြင်တဲ့အခါ မိကျောင်းပေါက်ကို ဖမ်းပြီး ဘီယာအတင်းတိုက်တယ်၊ ပြီးတော့ အနားက ရေကန်ထဲ မျိေကျာင်းဆင်းသွားတာကို ကြည့်ခဲ့တယ်လို့ လူငယ် ၂ ဦးက စုံစမ်းရေးအရာရှိတွေကို ဝန်ခံခဲ့ပါတယ်။
ပုံကို လူမှုကွန်ရက်စာမျက်နှာထက် တင်ပြီး နောက်နေ့မှာပဲ အာဏာပိုင်တွေက သိရှိခဲ့တာပါ။
“ဒီပုံတွေနဲ့ပတ်သက်ပြီး ကျနော်တို့ အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ အများကြီးရတယ်။ စနက်ပ်ချက်ကနေ ဓာတ်ပုံတွေကို ယူပြီး ပို့ကြတယ်” လို့ ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက စီအန်အန်ကို ပြောပါတယ်။
အာဏာပိုင်တွေထံကနေ စီအန်အန် ရရှိတဲ့ ဓာတ်ပုံ ၆ ပုံထဲက တပုံမှာ မိကျောင်းပေါက်ရဲ့ လည်ပင်းကို ညှစ်ထားပြီး ဘီယာဘူးက သူရဲ့နှုတ်သီး/နှာခေါင်းကို ဖိ့ထားတယ်၊ နောက်ပုံမှာလည်း လည်ပင်းကို တင်းတင်းကျပ်ကျပ် ကိုင်ထားပြီး မိကျောင်းပါးစပ်ထဲကို ဘီယာတွေ သွန်ချတာ၊ နောက်တပုံမှာ မိကျောင်းရဲ့ မျက်နှာကို ဆေးလိပ်မီးခိုးနဲ့ မှုတ်ထုတ်နေတဲ့ ပုံတွေ ပါတယ်လို့ သိရပါတယ်။
တောင်ကာရိုလိုင်းနားပြည်နယ်က ပြစ်မှုအတွက် လူငယ် ၂ ဦးကို တောရိုင်းတိရစ္ဆာန်နှောင့်ယှက်မှုနဲ့ တရားစွဲထားပြီး အနည်းဆုံး ဒဏ်ငွေ ဒေါ်လာ ၃၀၀ စီ ဆောင်ရမယ်လို့ ဆိုပါတယ်။
“မိကျောင်းခေါင်းတိုတွေက ပြည်နယ်ဥပဒေအရရော၊ ဖက်ဒရယ်ဥပဒေအရရော ကာကွယ်မှုပေးထားတဲ့ တောရိုင်း တိရစ္ဆာန်တွေ ဖြစ်တယ်” လို့ မိကျောင်းခေါင်းတို အစီအစဉ် အဖွဲ့ရဲ့ ဒါရိုက်တာ တဦးဖြစ်သူ ဂျေက ပြောကြောင်း စီအန်အန်သတင်းမှာ မေလ ၂၇ ရက်နေ့က ရေးသားထားပါတယ်။