Wednesday, May 31, 2023
HomeLead Storyထွက်ပြေးသည့်ကားကို ထိုင်းရဲပိတ်ဆို့ဖမ်းဆီး၊ ကမ္ဘောဒီးယား ၃၅ ဦးကို ဖမ်းမိ (ရုပ်သံ)

ထွက်ပြေးသည့်ကားကို ထိုင်းရဲပိတ်ဆို့ဖမ်းဆီး၊ ကမ္ဘောဒီးယား ၃၅ ဦးကို ဖမ်းမိ (ရုပ်သံ)


ထိုင်းနိုင်ငံအလယ်ပိုင်း ချချိုင်းဆောင်းခရိုင် ချချိန်းဆောင်းမြို့နယ်ထဲမှာ မေ ၂၆ ရက်နေ့ မနက်က  ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးရမိတယ်လို့  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ချချိန်းဆောင်းမြို့အ၀င် စစ်ဆေးရေးဂိတ်တခုမှာ  ဖနုမ်ဆာရခမ်းမြို့ဘက်ကနေ  အရှိန်နဲ့မောင်းလာတဲ့ အပြာရောင်မစ်ဆူဘီရှီ ဟိုင်းလပ်ကားကားတစီးကို  တာဝန်ရှိသူတွေက     စစ်ဆေးဖို့တားဆီးစဉ် ကားသမားက စစ်ဆေးမခံဘဲ ထွက်ပြေးသွားခဲ့ပါတယ်။

စစ်ဆေးရေးရဲဘက်က  စစ်တပ်ကို အကူအညီတောင်းပြီး အဆိုပါကားကို အရှေ့ကနေ ပိတ်ဆို့စေရာမှာ ၀ပ်ချူမ်းဖိုးထိဘုန်းကြီးကျောင်းရှေ့မှာ ဖမ်းမိသွားပါတယ်။

ကားရဲ့အနောက်မှာ မိုးကာအနက်ရောင်အုပ်ထားလို့ ဖွင့်ကြည့်လိုက်တဲ့အခါ လူတွေကို ခေါင်းနဲ့ခြေပြောင်းပြန်စီ လဲလျောင်းအနေအထားတဲ့ ပြည့်ညှပ်နေအောင်သယ်ဆောင်လာတာ တွေ့ရကြောင်း၊ ကားထဲမှာ ဘာသက်သေအထောက်အထားမှမရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေအပါဝင် စုစုပေါင်း ၃၅ ယောက် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ယာဉ်မောင်း နိုင်းဆူရိယကို စစ်ဆေးမေးမြန်းရာမှာ ပွဲစားတဦးက သူတို့တွေကို ဘန်ကောက်အလုပ်ရုံတခုဆီ ပို့ဆောင်ပေးဖို့ အငှားမောင်းပို့ပေးခြင်းသာဖြစ်ကြောင်း၊ သူ့အနေနဲ့ လူတဦးအတွက် ကားခ ဘတ်တစ်ထောင်သာ ရရှိကြောင်း ဖွင့်ဟ၀န်ခံသွားပါတယ်။

တာဝန်ရှိသူတွေက ယာဉ်မောင်းကိုလည်း ဖမ်းဆီးထားသလို ပွဲစားကိုလည်း လူကုန်ကူးမှုနဲ့ အရေးယူဖို့  ဆက်လက်စုံစမ်းရှာဖွေသွားမှာဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသားတွေကိုတော့ တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူပြီး မူရင်းနိုင်ငံ ပြန်ပို့မယ်လို့ တာဝန်ကျရဲအရာရှိတဦး ပြောသွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular