နစ်မြုပ်ကုန်တင်သင်္ဘောမှ ရေလုပ်သားများကို ထိုင်းက မြန်မာထံ ပြန်လွှဲအပ်
DVB
·
May 27, 2017
ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင်၊ ဖူးကက်မြို့အနီး ပင်လယ်ပြင်မှာ မေလ ၂၄ ရက်နေ့က မြန်မာနိုင်ငံသားပိုင် မြိတ်မြို့က အောင်စိန်မြတ် အမည်ရှိ နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောက ရေလုပ်သား၁၄ ဦးကို မေလ ၂၆ ရက်နေ့ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့က မြန်မာနိုင်ငံ ကော့သောင်းမြို့အာဏာပိုင်တွေထံ လွှဲအပ်ခဲ့ပါတယ်။
ရေလုပ်သား ၁၄ ဦးကို ထိုင်းနိုင်ငံက လာရောက်လွှဲအပ်ရာမှာ မြန်မာအရေးကူညီပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာရှေ့နေများကောင်စီ အဖွဲ့ဝင်ဦးအောင်မျိုးသန့် ရနောင်းမြို့ကို ခေတ္တရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးခင်အောင်မြင့်နဲ့ ထိုင်းမြန်မာနယ်ခြားကော်မတီက တာဝန်ရှိသူတွေက ကော့သောင်းမြို့ အာဏာပိုင်တွေဆီကို လာရောက်လွှဲအပ်ပေးပြီး ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်သက်နဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေက လက်ခံခဲ့ကြပါတယ်။
“ဒီလှေသားတွေကို ဒီညမှာပဲ မြိတ်မြို့ကိုပြန်နိုင်ဖို့ မော်တော်ယာဉ်စီစဉ်ပေးထားပါတယ်။ အခုတော့ ကော့သောင်းခရိုင်က မြိတ်ခရိုင်ကို လွဲပေးဖို့အတွက် စီစဉ်နေပါတယ်” လို့ လိုက်ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကျော်မင်း က ပြောပါတယ်။
အောင်စိန်မြတ် ကုန်တင်သင်္ဘောဟာ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှ စားသုံးကုန်တွေကို တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောဟာ မေ ၂၃ ရက်နေ့မှာ ထွက်ခွာလာတာဖြစ်ပြီး မေ ၂၄ ရက်နေ့ ညနေပိုင်း ဖူးကက်မြို့ ရေပြင်အနီးမှာ လှိုင်းလုံးကြီးတွေ ပုတ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့တာပါ။
ပဲ့နင်း ဦးဇော်ဇော်လတ် အပါအ၀င် ရေလုပ်သား ၁၄ ဦးတို့ဟာ အသက်ကယ်လှေနဲ့ အရေးပေါ် စွန့်ခွာခဲ့ကြပြီး ထိုင်းငါးဖမ်းလှေ ၁ စီးက သွားကယ်ခဲ့တာဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ-လတ်ကိုကိုဦး