ဖေ့စ်ဘွတ်ခ်တွင် လိုက်ခ်ရရန် အဆောက်အအုံကြီးပေါ် တွဲလောင်းခိုပြသည့် ကျောင်းသားငယ် (ရုပ်သံ)

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လိုက်ခ်များများရဖို့ ကျောင်းသားငယ်တဦးက အထပ်မြင့်အဆောက်အအုံကြီးရဲ့ အစွန်းပေါ် သူ့လက်ချောင်းလေးတွေနဲ့ အားပြုကိုင်ပြီး တွဲလောင်းခိုပြခဲ့ပါတယ်။ ရုရှားနိုင်ငံ ဒီမီထရုဗ်ဂရက်ဒ်မြို့မှာ အသက် ၈ နှစ်အရွယ် မိုက်ရူးးရဲ ကျောင်းသားကလေးက မတူတဲ့ အထပ်မြင့်အဆောက်အအုံနေရာတွေမှာ စတန့်ထွင် တွဲလောင်းခိုပြီး သူ့ထက် အသက်အနည်းငယ်ကြီးတဲ့ အသက် ၁၂ နှစ်အရွယ် သူငယ်ချင်းရဲ့အကူအညီနဲ့ ရုပ်သံရိုက်ကူးခဲ့တာလို့ မေ ၂၆ ရက်နေ့ မေရာသတင်းမှာ ရေးထားပါတယ်။ ရုပ်သံထဲမှာ ကျောင်းသားလေးက ပထမဦးဆုံးအနေနဲ့ အနည်းဆုံး ၁၂ ထပ်လောက်ရှိမယ့် အထပ်မြင့်အဆောက်အအုံရဲ့ ပြတင်းပေါက်တခုအပြင်ဘက်ကို ထွက်ပြီး ပြတင်းပေါက်ဘောင်ကို လက်ချောင်းတွေနဲ့ အားပြုပြီး တွဲလောင်းခိုပြတာပါ။ နောက်ထပ်ရုပ်သံမြင်ကွင်းထဲမှာ ပထမအမြင့်လောက်ရှိတဲ့ အဆောက်အအုံ အမိုးတခုပေါ်က သံချေးတက်နေပုံရတဲ့ သံတန်းပေါ်နဲ့ နောက်အထပ်မြင့်အဆောက်အအုံ အမိုးတခုရဲ့ အစွန်းဘောင်ကနေ တွဲလောင်းခိုပြနေတဲ့ ကျောင်းသားကလေးရဲ့ပုံကို မြင်ရမှာပါ။ ရုပ်သံရဲ့အဆုံးမှာ ဒီကလေး ၂ ဦးက ရုပ်သံကြည့်ရှုသူတွေ လိုက်ခ်ပေးဖို့ တောင်းဆိုထားပြီး သူတို့ရဲ့ ဒီမီထရိုဗ်ဂရက်ဒ်မြို့မှာ နောက်ထပ် အန္တရာယ်များတဲ့ စတန့်စွန့်စားခန်းတွေ ထပ်လုပ်မယ်လို့ ကတိပြုထားပါသေးတယ်။ ရဲတွေက ကလေးမိဘတွေကို စုံစမ်းသိရှိပြီးနောက် ကလေးတွေကို ကာကွယ်ပေးဖို့ ကလေးအခွင့်အရေး ကာကွယ်မှု အဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပြီး ကလေးတွေအနေနဲ့ အခြားရာဇဝတ်မှု ကျူးလွန်ခြင်း ရှိ မရှိ ရုပ်သံကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ ၁၂ နှစ်အရွယ် ကလေးက သူအနေနဲ့ သူ့အဖော် ဒီလိုမိုက်ရူးရဲစွန့်စားခန်း လုပ်အောင် အတင်းလုပ်ခိုင်းခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတွေက ဒီရုပ်သံကိုမြင်ပြီး အထိတ်တလန့်ဖြစ်ကာ သုံးစွဲကြည့်ရှုခဲ့သူ တဦးက “ငမိုက်ကလေးတွေပဲ သူတို့တွေကို သူတို့မိဘတွေ ရိုက်ပြီး ဆုံးမစေချင်တယ်” လို့ ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up