A d v e r t i s e m e n t With Us

ဆီးဂိမ်းအကြို မြန်မာနှင့် မလေးရှားအသင်းတို့ ကွာလာလမ်ပူတွင် ခြေစမ်းပွဲကစားမည်

မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ မြန်မာ့ လက်ရွေးစင် ယူ ၂၂ အသင်းနဲ့ အိမ်ရှင် မလေးရှား ယူ ၂၂ လူငယ်  လက်ရွေးစင် အသင်းတို့ လာမယ့်  ဇူလိုင် ၁၃ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ  ခြေစမ်းပွဲ ကစားဖို့ရှိနေပါတယ်။ မြန်မာ ယူ၂၂ အသင်းကို နည်းပြချုပ် ဂတ်ဆီဇီနဲ့ လက်ထောက်နည်းပြ အဖြစ် ဦးကြည်လွင်တို့က တာဝန်ယူသွားမှာဖြစ်ပြီး လက်ရွေးစင် အသင်းကြီးက အသက်မီတဲ့ လူငယ်ကစားသမားတွေနဲ့ အသင်းဖွဲ့စည်းသွားဖို့ စီစဉ်နေတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ မလေးရှား ယူ၂၂ အသင်းကိုတော့ ဂျာမန်နည်းပြ ဖရန့်ဘားနက်က နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်နေတယ်လို့ သိရပါတယ်။ မြန်မာနဲ့ မလေးရှားအသင်းဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဒီဇင်ဘာလက  ခြေစမ်းပွဲ ကစားဖို့ စီစဉ်ခဲ့ပေမယ့် မလေးရှားဘက်က တဖက်သတ် ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ မြန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းသည် ယခုနှစ် အတွင်း ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာရှ ယူ၂၃ ချန်ပီယံရှစ် ပြိုင်ပွဲတို့ကို အဓိက ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး လာမည့် ဇွန်လ ၅ ရက်နေ့မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ် သွားမည်ဖြစ်သည်။ ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်ခင် မြန်မာ ယူ၂၂ အသင်းဟာ  နိုင်ငံတကာပွဲ (၈)ပွဲလောက် ကစားဖို့ ရှိနေတဲ့အပြင် အာရှဘောလုံးအင်အားကြီး နိုင်ငံတစ်ခုကိုလည်း  သွားရောက်ပြီး ပူးတွဲ လေ့ကျင့်မှုတွေ ပြုလုပ်ဖို့  စီစဉ်နေတယ်လို့သိရပါတယ်။ မြန်မာယူ ၂၂ အသင်းဟာ ဇွန် ၂၈ရက်ကနေ ဇူလိုင်၂ရက်ထိ ရန်ကုန်မှာကျင်းပမယ့်   KBZ BANK CUP 2017  လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ  ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ ဂျပန်တက္ကသိုလ်များ လက်ရွေးစင် အသင်းတို့နဲ့ ကစားဖို့ရှိပါတယ်။ ဒါ့အပြင် ဇူလိုင် ၁၉ ရက်မှ ၂၃ရက်ထိ ရန်ကုန်မှာ ကျင်းပမယ့် အာရှ ယူ၂၃ ခြေစစ်ပွဲစဉ်အဖြစ်  သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်း အသင်းတွေနဲ့လည်း ယှဉ်ပြိုင်ကစားဖို့ရှိသလို အင်တာမီလန် လူငယ်အသင်း၊ မွန်ဂိုလီယား အသင်းတွေနဲ့လည်း ခြေစမ်းပွဲတွေကစားဖို့ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up