တရုတ်နိုင်ငံမှ အသက်အငယ်ဆုံး ဘီကီနီဝတ်အမျိုးသမီး ကာယဗလမယ်







1.5K
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ကာယဗလချန်ပီယံပြိုင်ပွဲမှာ အသက် ၂၀ အရွယ် တူမန်ဂလီဆိုတဲ့ ကောလိပ်ကျောင်းသူတဦးဟာ အမျိုးသမီးရေကူးဝတ်စုံနဲ့ လိုက်ဖက်မှုအရှိဆုံး ဘီကီနီဝတ် ကာယဗလချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
Asian Federation of Bodybuilding & Fitness Championships (AFBF) အဖွဲ့ကြီးက ပြီးခဲ့တဲ့အပတ်မှာ ကျင်းပခဲ့တဲ့ ၅၁ ကြိမ်မြောက်ပြိုင်ပွဲမှာ ဒီဆုကို ရရှိခဲ့တာဖြစ်ပြီး တူမန်ဂလီက ဒီလိုဆုရခဲ့တာဟာ သူမရဲ့ ကျန်းမာစေတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကြောင့်လို့ ပြောပါတယ်။
သူက အမျိုးသားတွေသာ ကစားလေ့ရှိတဲ့ Bodybuilding ကာယဗလ အားကစားနည်းကို ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ။ မနက်တိုင်း ၅ နာရီခွဲ ပုံမှန်ထပြီး နေ့စဉ်ပြုလုပ်ရတဲ့ သူမရဲ့ လေ့ကျင့်ခန်းတွေကို စတင်လုပ်ဆောင်ပါတယ်။
သူမရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပြီးပြည့်စုံမှုကို ဒိုင်တွေမြင်ပြီး အချိုးအစားကျ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အဖြစ် ဆုံးဖြတ်ကာ သူမကို ဒီဆုပေးခဲ့တာလို့ ဆိုပါတယ်။
ကာယဗလမယ် တယောက်ဖြစ်ဖို့ ဦးခေါင်းသေးရမယ် ရင်အုပ်ကျယ်၊ ခါးသေးပြီး ခြေတံတွေရှည်ရမယ်လို့ တူရဲ့ နည်းပြက ပြောပါတယ်။
တရုတ်နိုင်ငံမှာ လူငယ်အများစုအကြား ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ စိတ်ဝင်စားကြပေမယ့် ကာယဗလအားကစားနည်းကတော့ ခေတ်မစားသေးပါဘူး။
ကျောင်းသူ တူ ဆုရအောင်မြင်တဲ့အပေါ် လူမှုကွန်ရက် စာမျက်တွေထက်မှာ အကောင်းအဆိုး ဝေဖန်မှုတွေ ရောနေပေမယ့် သူမရဲ့ပြင်းထန်တဲ့ ကြိုးစားအားထုတ်မှုကိုတော့ အားလုံးက သဘောကျပြီး အသိအမှတ်ပြုကြပါတယ်လို့ စီဂျီတီအန်ရဲ့ မေလ ၂၅ ရက်နေ့ သတင်းမှာ ရေးသားထားပါတယ်။