Home
မြန်မာသတင်း
ကလေးအခွင့်အရေး ကာကွယ်နိုင်ရန် မြို့နယ်အဆင့် ကော်မတီဆွေးနွေးပွဲ ပြုလုပ်
DVB
·
May 26, 2017
ကလေးသူငယ် အကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင်ဖို့နဲ့ ကလေး အလုပ်သမား လျော့ကျစေဖို့ မြို့နယ်အဆင့် ကော်မတီဆွေးနွေးပွဲကို မေလ ၂၆ ရက် တောင်ကြီးမြို့ ဆရာဝန်အသင်းခန်းမမှာ ကျင်းပနေပါတယ်။ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေးကော်မတီအတွင်းရေးမှူး ဦးထွန်းဦးက ဒီဆွေးနွေးပွဲဟာ ကလေးသူငယ်အကျိုးစီးပွားကို အကောင်းဆုံး စောင့်ရှောက်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာလို့ ပြောပါတယ်။ “စီအာစီ (ကလေးသူငယ်အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်း) ရဲ့ မူလအခွင့်အရေး ၄ ရပ်နဲ့ အတိအကျဖြစ်အောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဓိကကတော့ ကလေးအလုပ်သမားပေါ့။ ကျနော်တို့က ဘာနဲ့ပူးပေါင်းဆောင်ရွက်နေလဲဆိုတော့ အလုပ်သမား၊ အလုပ်ရုံနဲ့ အလုပ်ရုံဥပဒေစစ်ဆေးရေဦးစီးဌာန ပူးတွဲပြီး ဆောင်ရွက်နေပါတယ်။ ကလေးလုပ်သား လျော့ချရေးအတွက်လည်း စီမံချက်တွေ ရေးဆွဲနေတယ်။ သက်ဆိုင်ရာ အိုင်အန်ဂျီအို၊ အန်ဂျီအိုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ အဓိက ကျနော်တို့ ဒီမှာရှိတဲ့ ပြစ်မှုကျူးလွန်တဲ့ ကလေးတွေအတွက်လည်း ထွက်လာမယ်၊ နောက်ပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလည်း ထွက်လာမယ်။ စီအာစီ အာတီကယ်ပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဒီဆွေးနွေးပွဲမှာ အဓိက ကုလသမဂ္ဂထုတ်ပြန်တဲ့ ‘ကလေးသူငယ်အခွင့်အရေး ကာကွယ် စောင့်ရှောက်နိုင်ဖို့ ကလေးမှုခင်းလျော့ကျဖို့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြပါတယ်။ ကလေးငယ်တွေဟာ အများအားဖြင့် ပန်းရန်၊ လက်ဖက်ရည်ဆိုင်နဲ့ အမှိုက်ကောက်တာတွေမှာ အလုပ်လုပ်နေကြပြီး အဲဒီနယ်ပယ်က ကလေးသူငယ်တွေ ဖွံ့ဖြိုးဖို့အတွက်လည်း စဉ်းစားဖို့ လိုအပ်ကြောင်း ကလေးအခွင့်အရေး လှုပ်ရှားသူ မကိန္နရီက ပြောပါတယ်။ “အလုပ်လုပ်နေတဲ့ ကလေးတွေနဲ့ပတ်သက်လို့ စဉ်းစားတာလေး ရှိတယ်။ ကလေးရှိနေတဲ့ လက်ဖက်ရည်ဆိုင်သော်လည်းကောင်း၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေကို ကလေးတွေနဲ့ ပတ်သက်ပြီး အခွင့်အရေးလေးတွေ ပြောပြမယ်။ တဖက်တလမ်းကနေ သူတို့ ပူးပေါင်းပါဝင်လာအောင် အမတို့ advocacy ပိုင်းလေးတွေ လုပ်လာနိုင်မယ်ဆိုရင် အလုပ်လုပ်နေတဲ့ ကလေးတွေအတွက်လည်း ဖွံ့ဖြိုးမှုပိုင်းမှာ အနည်းငယ်စပြီးတော့ ခြေလှမ်း လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဆွေးနွေးပွဲမှာ ကလေးစစ်သား လျော့ချရေး၊ ကလေးလုပ်သား လျော့ကျစေရေးတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အဆင့် ကလေးအခွင့်အရေးဆိုင်ရာ ကော်မတီ၊ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူနဲ့ people in need တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။ သတင်း - ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024