Home
မေးမြန်းခန်း
ငါးပွက်ရာ ငါးစာချနေလို့ကတော့ ရုပ်ရှင်လောက တိုးတက်မည်မဟုတ်
ပီတာအောင်
·
February 6, 2012
၂၀၁၀ ခုနှစ်အတွက်  မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို ဖေဖော်ဝါရီ ၇​ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။ [caption id="attachment_20893" align="alignleft" width="250" caption="ဒါရိုက်တာ ဦးကြည်စိုးထွန်း"][/caption] အဲဒီနှစ်မှာ ထွက်ရှိတဲ့ ရုပ်ရှင်ကား တွေကတော့ နတ်ဖြစ်ရတဲ့ဒုက္ခ၊ ဆွေတရာ မောင်တကျိပ်၊ နတ်ဖက်တဲ့စုံတွဲများ၊ ဟတ်ထိတယ်၊ ကျောက်သင်ပုန်းတွေ မိုးတဲ့အိမ်၊ ဂွတ်ရှယ်သမက်၊ ဘာမီတွန်၊ အချစ်လား လာထား၊ အငိုမျက်လုံး အပြုံးမျက်နှာ၊ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ နယူးမော်ဒယ်၊ အာဒံရယ် ဧဝရယ် ဒဿရယ်၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ လာထားအာဘွားနဲ့ ပင်လယ်ထက်က နေဝန်းနီ စုစုပေါင်း ၁၅​ ကား​ ရှိပါတယ်။ ဒီကားတွေထဲက ဘယ်ရုပ်ရှင်ကားတွေနဲ့ ဘယ်မင်းသား မင်းသမီးတွေ အကယ်ဒမီဆု ရနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ၀ါရင့် ရုပ်ရှင် ဒါရိုက်တာ ဦးကြည်စိုးထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။ မနက်ဖြန် အကယ်ဒမီပွဲအတွက် ခန့်မှန်းချက်လေး ကြားတာ ၁၅​ ကား ရှိတယ်။ ၁၁​ ကားက ဟာသကားတွေ၊ ဘ၀သရုပ်ဖော်တွေ၊ ဒရမ်မာတွေက ၄ ကားလောက် ဆိုတော့ ဒီနှစ်မှာ ဟာသကားတွေထဲက ရမလား။ ဒရမ်မာထဲက ရမလား။ အကောင်းဆုံး​ ရုပ်ရှင်ဆုကို ဘယ်လိုခန့်မှန်းလဲ။ “ဟာသကားတွေကလည်း ဒီလိုပါပဲ။ ဟာသကားတွေက သူတို့ ချာလီချက်ပလင်တို့လို နည်းနည်း ရသလည်းရှိတယ်၊ သုတလည်းရှိတဲ့ ဟာသမျိုးဆိုရင်တော့ ပေးချင်စရာကောင်းတာပေါ့။ အခု ဟာသတွေက ပြူးတူးပြဲတဲနဲ့ အဲဒီလိုဖြစ်တဲ့အခါကျတော့လည်း လူကြီးတွေကလည်း မပေးချင်ဘူး။ ပရိသတ်ကလည်း နည်းနည်းငြီးငွေ့လာတယ်။ ဟာသကားတွေကို၊ အဲလိုဖြစ်တဲ့အခါကျတော့ ကျန်တဲ့ကားတွေပဲ ရဖို့များတာပေါ့။” ဒီနှစ်မှာ ဘယ်ကားရမယ်လို့ ခန့်မှန်းခြေရှိလဲ။ “ပင်လယ်ထက်က နေ၀န်းနီပေါ့။ သူကနည်းနည်းလေး ပုံစံလေးကွဲတာပေါ့။ ကျန်တဲ့ကားက အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်က သူကသုံးပွင့်ဆိုင် ဇာတ်လမ်းကို၊ နောက်တကားက  အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် သူ့ဟာက ရှင်းသွားပြီ။ နောက်တခု အငိုမျက်လုံး အပြုံးမျက်နှာက အငြိမ့်လောက ဇာတ်လမ်းလောကပေါ့။ ပင်လယ်ထက်က နေ၀န်းနီ ဇာတ်ကားကျတော့ ပင်လယ်ကားလေးဖြစ်မယ်၊ မြိတ်ဟိုဘက် ဆလုံကျွန်းလေးဘက်မှာ ထူးထူးခြားခြား သွားရိုက်ထားတော့ အဲဒီကားလေးကတော့ နည်းနည်းအလားအလာ ကောင်းမယ်။” ဒါရိုက်တာ အကောင်းဆုံးဆုကျတော့ ဘယ်သူရမယ်ထင်သလဲ။ “အဲဒီကားထဲက ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ပဲ ရဖို့များတယ်။” မင်းသားထဲကကော ဘယ်သူရမယ်ထင်သလဲ။ “အဲဒါကတော့ ဒီနှစ်ထဲမှာ ကားအများဆုံး ရိုက်ရတာပဲ။ ပြေတီဦးပေါ့။ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်မှာလည်း ကောင်းတယ်။ အာဒမ်၊ ဧ၀ ဒဿမှာလည်း ကောင်းတယ်။” မင်းသမီးထဲမှာကျတော့ သက်မွန်မြင့်တို့ မှန်းထားတာလည်း ကြားတယ်။ “သက်မွန်မြင့်တို့ သူတို့လည်း နာမည်ကြီးတာပဲ။ အဲဒီရုပ်ရှင်ဇာတ်ကား နှစ်ကားပဲကောင်းတယ်။” လင်းဇာနည်ဇော်လည်း ရမယ်ကြားတယ်။ ဘယ်ကားနဲ့ ရမယ်လို့ ခန့်မှန်းထားလဲ။ “လင်းဇာနည်ဇော်က အငိုမျက်လုံး အပြုံးမျက်နှာကို နည်းနည်းတင်ပေးထားတယ်။ ကလေးမလေးက ဘာဖြစ်သွားလဲဆိုတော့ သူ့မှာတကားပဲ ရှိတာကို၊ အဲဒီတကားတည်းနဲ့ ပြိုင်ရတဲ့အခါကျတော့ သက်မွန်မြင့်ကျတော့ ခြောက်ကားလောက် ရိုက်ထားတာ။ သူ့ရဲ့ပုံစံကို မြင်နေရတာပေါ့။ အကဲဖြတ်အဖွဲ့အနေနဲ့၊ ခြောက်ကားလုံးမှာ ကောင်းကောင်း လှုပ်ရှားနိုင်တာကို၊ အဲဒါလေးတော့ သာတာပေါ့။” တခြားဆုတွေထဲမှာ ထူးထူးခြားခြား တွေ့ရတာ ဘယ်သူတွေဘာရမယ် ဆိုတာ။ “ဝေဠုကျော်လည်း ပင်လယ်ထက်က နေ၀န်းနီမှာ အလားအလာ ကောင်းတယ်။ ဇာတ်ပို့ပေါ့။ ဇာတ်ပို့မင်းသမီးထဲက ၀ါဝါအောင်လေးက အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ ကားထဲမှာကောင်းတယ်။” နောက် တခြားဓာတ်ပုံတို့ အသံတို့ထဲမှာ ထူးထူးခြားခြား မြင်တွေ့ရတဲ့ ဇာတ်ကားရှိလားခင်ဗျ။ “ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်ထဲက ကျောက်ဖြူက သူ့ရဲ့ ကင်မရာကြီးနဲ့ ရိုက်ထားတယ်။ အဲဒီကင်မရာကြီးနဲ့ ရိုက်ထားတော့ နည်းနည်းတော့ စရိတ်များတယ်။ လေးလေးပင်ပင်ရှိတယ်။ ရုပ်တွေလည်း ကောင်းတယ်။ တခြားဟာက ရုပ်ရှင်ကင်မရာနဲ့ မရိုက်ဘူးလားဆိုတော့ မရိုက်တဲ့ကားတွေ အများကြီးပဲ။ ဗွီဒီယိုနဲ့ ရိုက်ပြီးတော့မှ ရုပ်ရှင်ဖလင်တင်တာ၊ အဲလိုကားတွေပါတယ်။ အဲဒီကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်လေးက ကျောက်ဖြူကင်မရာ ကိုင်တာလေးကို သဘောကျတယ်။ ကျောက်ဖြူတော့ ထင်တာပေါ့။ များသောအားဖြင့် သူတို့က ပင်လယ်ထက်က နေ၀န်းနီ ဓာတ်ပုံကို ကြိုက်ကြတယ်။ ကြည့်ရလည်းကောင်းတယ်။” နောက်တခုက ဒီနှစ်မှာ ထူးထူးခြားခြား အပြင်အဆင်တွေကအစ အာဆီယံ နိုင်ငံတွေမှာ ကျင်းပတဲ့အလားတူ ဖြစ်နိုင်အောင် နည်းပညာအရကော ပြင်ဆင်ပြီး လုပ်သွားမယ်လို့ ပြောတယ်လေ။ ဘယ်လိုထူးထူးခြားခြား လုပ်မယ်လို့ ကြားခဲ့ရလဲ။ “လျှောက်လမ်းနေပြီပေါ့။ ရုပ်ရှင်ပွဲတော်တွေ ဘာတွေမှာ တွေ့နေတာ။ တရုတ်တို့ ထိုင်းမှာလည်း ရှိပါတယ်။ ရုပ်ရှင်ပွဲတော်မှာ လျှောက်လမ်းလုပ်တာ၊ လျှောက်လမ်းဆိုတာ အနီရောင်ကော်ဇောကြီး (red carpet) ခင်းထားတာပေါ့။ အဲဒီ(red carpet)ဘေးမှာ အနုပညာသည်တွေ အတတ်ပညာသည်တွေ လျှောက်ဖို့ အဲဒီပုံစံလေး ထွင်ထားတာရှိမယ်။ နောက်ပြီး ပြတဲ့အခါ အရင်လို​ရုပ်ရှင် ပရိုဂျက်တာတွေ မဟုတ်တော့ဘဲနဲ့ High Definition နဲ့ အဲဒါပြတာ ထူးခြားမယ်။ နောက်ပြီး ထုံးစံအတိုင်းပေါ့။ မီးတွေများများနဲ့ ထွန်းပြီး လင်းတာတွေ မှောင်တာတွေ လျှောက်လုပ်မယ်။ အဲဒါတွေပါပဲ။ မမြင်ဘူးတဲ့သူတွေအနေနဲ့ ထူးဆန်းမှာပေါ့။ တွေ့နေ မြင်နေတဲ့လူတွေ အတွက်ကလည်း အပေါ်ယံတွေပါပဲ။” တကယ့် ဒီရုပ်ရှင်အရည်အသွေး ပြောင်းဖို့ကို ဘာတွေလုပ်ဖို့ လိုအပ်တယ်လို့ ထင်လဲ။ “ပရိသတ်ကော၊ ထုတ်လုပ်သူကော နည်းနည်း အဆင့်မြင့်မြင့် တွေးဖို့တော့ လိုအပ်လာပြီ။ ဒီလို ငါးပွက်ရာ ငါးစာချ၊ ငါးစိမ်းတကောင်လောက်နဲ့ ရင်းပြီးတော့ မင်းသား မင်းသမီးပြပြီးတော့ မဟုတ်က ဟုတ်က လျှောက်ရိုက်နေလို့ ဘယ်လိုမှ တိုးတက်မှာမဟုတ်ဘူး။ နည်းနည်း ပြည်ပကို လှမ်းနိုင်တဲ့အဆင့် ယှဉ်နိုင်တဲ့အဆင့် ကား အရည်အသွေး အဆင့်မြင့်မြင့်လေးတွေ အဲဒါမျိုးလေးတွေကို ထုတ်ဖို့တော့ လိုလာပြီထင်တယ်။ အနိမ့်ကျဆုံး လာအိုနဲ့ ကမ္ဘောဒီးယားကိုပဲ ကျန်တော့တယ်။” နောက်စာနယ်ဇင်းလောကမှာ အရင်ကထက် စာလို့ရှိရင် လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်တွေ တော်တော်သိသိသာသာ တိုးတက်လာတာ မြင်တွေ့ရတယ်။ ရုပ်ရှင်လောကမှာကော သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တိုးတက်လာတာ မြင်ရလား။ “ပြောင်းတာတော့ သိပ်မပြောင်းလဲသေးဘူး။ သို့သော် ပြောင်းဖို့ တောင်းဆိုနေတဲ့ ရုပ်ရှင်လောကသားတွေတော့ ရှိတယ်။ သူတို့ တောင်းဆိုတာလည်း ကောင်းပါတယ်။ ပြောင်းဖို့ တောင်းဆိုတာ၊ အဓိက အရေးကြီးတာက ရုပ်ရှင်အစည်းအရုံးက အန်ဂျီအို (NGO) ဖြစ်ရမယ် ဆိုတာက တော်တော်ကောင်းတယ်။ သဘောကျတယ်။ ရုပ်ရှင်အစည်းအရုံးတို့၊ ဂီတအစည်းအရုံးတို့၊ သဘင်အစည်းအရုံးတို့ဆိုတာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့သူ အန်ဂျီအို(NGO)ဖြစ်နေရမယ်။ အ​စိုးရကို ဆန့်ကျင်တာတော့ မဟုတ်ဘူး။ ဘယ်အစိုးရနဲ့မဆို အန်ဂျီအိုတွေက အရင်ကလည်း တည့်အောင်ပေါင်းနေတာပဲ။ သို့သော်လည်း ကိုယ့်ဂုဏ်သိက္ခာနဲ့ကိုယ် နေတာပေါ့။ ခိုင်းဖက် မဟုတ်ဘူး။ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုယ် ဘယ်နိုင်ငံရေး ပါတီမှာလည်း မပတ်သက်ဘူး။ ကိုယ့်လောကအတွက် ကိုယ်က ကောင်းနိုးရာရာ လုပ်နိုင်တဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်တဲ့ဟာမျိုး သူတို့တောင်းဆိုတယ်။ အဲဒါလေးတော့ သဘောကျတယ်။” အဲဒါကို သူတို့လိုက်လျောမယ့် အလားအလာ တွေ့မိလား။ “ဖြစ်နိုင်လောက်တယ်လို့ ထင်တယ်။ ခုနလို စတုတ္ထမဏ္ဍိုင်ကို နည်းနည်း လိုက်လျောမှုရှိတာကြောင့် ဒီဘက်တွေကိုလည်း လိုက်လျောပေးမယ်လို့ ထင်တယ်။ မလိုက်လျောရင်လည်း မကောင်းဘူး။ ပဋိပက္ခ အသွင်ဆောင်လာမှာတွေ နည်းနည်းမြင်ရတယ်။” ကျနော်တို့ ရုပ်ရှင်အကယ်ဒမီ ပြန်ကောက်မယ်ဆိုရင် နှစ်တနှစ် အမြဲတမ်းနောက်ကျနေတဲ့ ကိစ္စကိုကော ၂ နှစ်တခါတည်း ပေါင်းပေးလိုက်ပြီး ကျန်တဲ့နှစ်တွေမှာ နှစ်တိုင်းပေးလို့ရအောင် စီစဉ်လို့ မရဘူးလား။ “ဒီဟာလည်း ခုနလို တကယ်လို့များပေါ့ ရုပ်ရှင်အစည်းအရုံးက နည်းနည်း သူ့ဟာသူအားကောင်းလာရင်တော့လည်း ဒါတွေက ပြင်လို့ရမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အခုက နိုင်ငံတော်က လုပ်သမျှလိုက်လုပ်နေရတာကို၊ နိုင်ငံတော်ကလည်း သူ့မှာလုပ်စရာတွေက အများကြီးဆိုတော့လည်း ဒီတခုတည်းကို အာရုံမစိုက်နိုင်ဘူး။ ရုပ်ရှင်ကိုပဲ အာရုံစိုက်မှာဆိုတော့ သူလုပ်ချင်တာကိုပဲ သူကလွတ်လွတ်လပ်လပ်နဲ့ ခုနလိုအတွေးမျိုး ဒါကတော့ ဒီနှစ်ပြီးတဲ့အခါမှာ မတ်လလောက်မှာ၊ ဒီဇင်ဘာမှာ ပြပြီးတဲ့ကားကို မတ်လလောက်မှာ ပေးနိုင်မယ်ဆိုရင်တော့ သိပ်ကပ်ပြီးတော့ ကောင်းတာပေါ့။ သို့သော် သူတို့မှာ အခက်အခဲတွေ များနေတော့ အဲလိုဖြစ်နေတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024