မြိတ် ကုန်တင်လှေတစီး ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း နစ်မြုပ်
DVB
·
May 26, 2017
ထိုင်းနိုင်ငံ ဖူးကက်ခရိုင်၊ ဖူးကက်မြို့အပိုင် ပင်လယ်ပြင်မှာ မေ ၂၄ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံသားပိုင် မြိတ်မြို့မှ အောင်စိန်မြတ်အမည်ရှိ ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံ၊ ပီနန်မြို့မှ စားသုံးကုန်တွေကို တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောဟာ မေ ၂၃ ရက်နေ့မှာ ထွက်ခွာလာတာဖြစ်ပြီး မေ ၂၄ ရက်နေ့ ညနေပိုင်း ဖူးကက်မြို့ ရေပြင်အနီးမှာ လှိုင်းလုံးကြီးတွေ ပုတ်ခတ်မှုကြောင့် နစ်မြုပ်ခဲ့တာလို့ U.AKM Tourism ခရီသွားလုပ်ငန်းကုမ္ပဏီမှ ဦးအောင်စိုးက ပြောပါတယ်။
"လှိုင်းလေပုတ်ခတ်မှုကြောင့် လှေဝမ်းအတွင်းပိုင်းပေါက်ပြီး ရေ၀င်နစ်မြုပ်ခဲ့တာပါ။ ပဲ့နင်း ဦးဇော်ဇော်လတ် အပါအ၀င် ရေလုပ်သား ၁၄ ဦးတို့ဟာ အသက်ကယ်လှေနဲ့ အရေးပေါ် စွန့်ခွာခဲ့ကြပြီး ထိုင်းငါးဖမ်းလှေ ၁ စီးက သွားကယ်ခဲ့တာ"လို့ သူက ပြောပါတယ်။
စက်လှေပိုင် ဒေါ်တင်တင်မြတ်က “ကုန်တင်စက်လှေက ကျမတို့ လှေဖြစ်ပါတယ်။ လက်ရှိ လှေသားတွေကို ပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။ ကုန်တင်စက်လှေ နစ်မြုပ်မှုနဲ့ပတ်သက်ပြီး ပစ္စည်းဆုံးရှုံးမှုတန်ဖိုးနဲ့ တန်ချိန်ကိုတော့ ကျမတို့ ပြောလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ စက်လှေက ကျမတို့ အုံနာပေးထားတာပါ။ ကုန်ပစ္စည်း တန်ချိန်နဲ့ဆုံးရှုံးမှု တိတိကျကျ မသိဘူး” လို့ ပြောပါတယ်။
လှေသားတွေဟာ ထိုင်းနိုင်ငံ ရနှောင်းမြို့မှာ ရောက်ရှိနေပြီး၊ မြန်မာဘက် လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ လိုက်ကူညီဆောင်ရွက်ပေးနေတဲ့ ဦးအောင်စိုးက ပြောပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)