အိန္ဒိယဘက် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၃၀၀ ကျော်ကို ပြန်ပို့
နော်နိုရင်း
·
May 26, 2017
တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့တဲ့ ချင်းပြည်နယ်က စစ်ပြေးဒုက္ခသည် ၃၄၀ ကို အိန္ဒိယအစိုးရက နေရပ် ပြန်ပို့ခဲ့တယ်လို့ Hindustan Times က မနေ့က ရေးသားဖော်ပြပါတယ်။
ပြီးခဲ့တဲ့မေ ၁၉ နဲ့ ၂၀ ရက်နေ့တွေက ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရာချီသော ဒေသခံတွေဟာ သူတို့ဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆိုင်ဟခရိုင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
ဒုက္ခသည်အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး လက်ရှိ သူတို့နေရပ်မှာ တိုက်ပွဲတွေ မရှိတော့တာကြောင့် မေလ ၂၄ ရက်နေ့က သူတို့ကို ပြန်ပို့ခဲ့တာလို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်မတော်ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို ဒီဗွီဘီက မေးမြန်းရာမှာတော့ ပြီးခဲ့တဲ့အပတ်က ပလက်ဝမြို့နယ်က ဒေသခံတွေ ထွက်ပြေးတာမှန်မေယ့် လူဦးရေ ၆၀ကျော်သာ ထွက်ပြေးခဲ့တာလို့ ပြောပါတယ်။
“ကျနော်တို့ ရက္ခိုင့်တပ်မတော် အေအေနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားလာလို့ရှိရင် ဘာညာနဲ့ သူ့ဟာသူ တွေးပူပြီးတော့မှ အိန္ဒိယဘက်က လုံပုတ်ဆိုတဲ့ရွာကို လာနေတာရှိတယ်။ အဲဒီဥစ္စာကို အိန္ဒိယဘက်ခြမ်းက သက်ဆိုင်တဲ့ အရာရှိတွေကလည်းပဲ မေးမြန်းပြီးတော့မှ သူတို့ ဟို ဒီဘက်မှာလည်း နယ်မြေတွေ အေးချမ်းနေပြီ၊ တိုက်ပွဲလည်းမဖြစ်၊ ဘာမှမဖြစ်ဘူး။ ခင်ဗျားတို့ ပြန်ကြဆိုပြီးတော့ အဲလိုမျိုးပြန်ပြီးတော့ လွှတ်လိုက်တာရှိတယ်လို့တော ကြားရတယ်ဗျာ။ အဲဒီ ၃၀၀ ကျော်တော့ မဟုတ်ဘူး။ ကျနော်တို့ သိတာကတော့ ၆၅ ယောက်ပဲဗျာ။ ဒီမှာက သူတို့ပြောသလို တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ တကယ်ရွာသားတွေ ခြိမ်းခြောက်ခံရတာလည်း မရှိပါဘူး။ ”
တဖက်နိုင်ငံကို ထွက်ပြေးသွားသူတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝမြို့နယ် ရွှေလက်ဝရွာကနေ ထွက်ပြေးသွားတာဖြစ်ပြီး တဖက်ကမ်းက လုံပုတ်ဆိုတဲ့ရွာကို ထွက်ပြေးတိမ်းရှောင်ခဲ့တာလို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ရက္ခိုင့်တပ်မတော်(အေအေ)နဲ့ မြန်မာ့တပ်မတော်တို့ကြား မနှစ်က ပလက်ဝမြို့ နယ်အပြင် ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင် စတဲ့မြို့နယ်တချို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ပြေး ဒုက္ခသည်တွေ ရှိခဲ့ပါတယ်။