မှုခင်းပညာပေးရွေ့လျားယာဉ် မြင်းခြံ ရောက်ရှိ
DVB
·
May 26, 2017
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးစီးပြီး ပြည်သူတွေအတွက် မှုခင်းအသိပညာပေးဆောင်ရွက်နေတဲ့ နယ်လှည့် ရွေ့လျားယာဉ်ဟာ မနေ့ညက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ကို ရောက်ရှိလာပါတယ်။
ရွေ့လျားယာဉ်ဟာ မြင်းခြံမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး၊ ယာဉ်မတော်ဆမှု အန္တရာယ် မဖြစ်ပွားစေရန်အတွက် အသိပညာပေး ဆောင်ရွက်နေပါတယ်။
ဒုရဲမှူးဝင်းနိုင်က “ကျနော်တို့ အဓိကရည်ရွယ်ချက်က ယာဉ်ထိန်းတပ်ဖွဲ့လည်း ပါတယ်။ လူကုန်တားအဖွဲ့တွေလည်း ပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ယာဉ်ထိန်းပိုင်းဆိုင်ရာ၊ မူးယစ်းဆေးဝါးပိုင်းဆိုင်ရာ၊ လူကုန်ကူးမှုပိုင်းဆိုင်ရာ အချက်အလက်ပိုင်း ဆိုင်ရာတွေကိုလည်း ဓာတ်ပုံမှတ်တမ်းအနေနဲ့ ပြသထားပါတယ်။ ပြည်သူတွေ အများဆုံးရှိမယ့် နေရာမျိုးတွေကို လာရောက်ကြပြီး ဒီအဖွဲ့တွေက ပေါင်းစပ်ပြုလုပ်ရခြင်း ဖြစ်တယ်။ ပြီးတော့ ယာဉ်တိမ်းမှောက်မှုတွေက များတယ်။ ခုချိန်မှာ မှုခင်းတွေက နေရာအသီးသီးမှာ ပုံစံအမျိုးမျိုးတွေနဲ့ ဖြစ်လာတာများနေတော့ ပြည်သူတွေသိအောင် လက်ကမ်းစာစောင်တွေ ဝေတယ်။ ဟောပြောပွဲတွေနဲ့ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ ကျနော်တို့ ရှင်းပြရတယ်။ အဓိကတော့ မှုခင်းကျဆင်းစေရန်အတွက်။ လက်ကမ်းစာစောင်ဝေတာတွေ ဟောပြောမှုတွေ ရှင်းပြမှုတွေ ပုံစံတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။
ရွေ့လျားယာဉ်နဲ့ အသိပညာပေးအစီအစဉ်အဖြစ် ဂီတပညာရှင်တွေကလည်း ဖျော်ဖြေခဲ့ကြပါတယ်။
ပြည်သူတွေ အသိပညာပေး ရွေ့လျားယာဉ်ဟာ မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတာ ဖြစ်ပြီး လမ်းခရီးစဉ်ဖြစ်တဲ့ ပြင်စည်စံပြကျေးရွာ၊ နွားထိုးကြီးမြို့၊ နဘူးအိုင်ကျေးရွာ စတဲ့ နေရာတွေကို ဖြတ်သန်းလာပြီး မြင်းခြံမြို့မှာ ခရီးစဉ် ပြီးဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း(မြင်းခြံ)