Home
မြန်မာသတင်း
အန်စီအေလမ်းကြောင်း ဆက်သွားပါက ခွဲခြားကန့်သတ်မှုများ မပြုလုပ်ရန်လို
DVB
·
May 26, 2017
တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုပါက ဘယ်တိုင်းရင်းသားအဖွဲ့ကိုမှ ချန်မထားဘဲ အားလုံးပါဝင်ဖို့ လိုတယ်လို့ တအာင်းအမျိုးသားပါတီ (TNP) ဗဟိုအထွေထွေအတွင်းရေးမှူး မိုင်းဝင်းထူးက ပြောပါတယ်။ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ပြောလာတယ်။ တခြားလမ်းကြောင်းလက်မခံဘူး။ အန်စီအေကိုပဲ လက်ခံတယ်ဆိုတဲ့ ကန့်သတ်ချက်တွေရှိလာတယ်။ တက်ဖို့အတွက် ကြိုးစားချင်ပေမယ့်၊ လိုက်ပိတ်တဲ့လူတွေရှိနေတော့ ခက်တယ်။ ဥပမာဆိုရင် အန်စီအေ လမ်းကြောင်းအတိုင်းပဲ သွားရမယ်လို့ပြောရင် ဘယ်အဖွဲ့မှ မချန်နဲ့ အကုန်လုံးကိုခေါ်ရမယ်။ ခုကျတော့ ဘယ်အဖွဲ့မပါရဘူး။ ဘယ်အဖွဲ့ပဲထိုးရမယ်ဆိုတော့ လုံးဝအဆင်ပြေမှာ မဟုတ်ဘူး။ အဲတာကြောင့်မို့လို့လဲ ဝ ဦးဆောင်တဲ့အဖွဲ့ ၇ ဖွဲ့က တခြားနည်းလမ်းက ထွက်လာတယ်လို့ မြင်တယ်” ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ အန်စီအေကိုလျစ်လျူရှုပြီး အခြားသောလမ်းကြောင်းဆိုတဲ့ အခေါ်အဝေါ်တွေဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့  ပြည်ထောင်စု တည်ဆောက်ရေးကို မလိုလားခြင်းသာဖြစ်တယ်လို့  မေ ၂၄ ရက်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ အစည်းအဝေးဖွင့်ပွဲမှာ  ပြောကြားသွားခဲ့တဲ့အပေါ် တအာင်းအမျိုးသားပါတီ ပြန်လည်တုံ့ပြန်ပြောကြားလိုက်တာပါ။ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့  UWSA၊ KIA၊ SSPP၊ MNDAA၊ AA၊ TNLA၊ NDAA ၇ဖွဲ့က  အန်စီအေဟာ အလုပ်မဖြစ်တဲ့အတွက် အန်စီအေ လမ်းကြောင်းမဟုတ်ဘဲ အခြားလမ်းကြောင်းကနေသွားရန် ပြီးခဲ့တဲ့  ဧပြီ၁၉ရက်က ထုတ်ပြန်ထားပါတယ်။ အထူးဖိတ်ကြားသူအဖြစ် ညီလာခံသို့ တက်ရောက်လာတဲ့ UWSA ပြင်ပဆက်ဆံရေး ဆက်သွယ်ရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက “ကျွန်တော်တို့ FCNPP ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်တီအနေနဲ့ ရပ်တည်တာဖြစ်တယ်။ အစိုးရကို အတိုက် အခံပြုလုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ ငြိမ်းချမ်းရေးကို အန်စီအေလမ်းကြောင်းကို ပြုပြင်ထားတဲ့ လမ်းကြောင်းပေါ်ကို သွားမယ်။ အခုလောလောဆယ်တော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းဟာ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်”လို့ မနေ့က မီဒီယာတွေကို ပြောပါတယ်။ ငြိမ်းချမ်ရေးကော်မရှင်က ဒုဗိုလ်ချုပ်ကြီးဟောင်းခင်ဇော်ဦးကတော့ အန်စီအေ ပြင်ပလမ်းကြောင်း မရှိကြောင်း၊ အန်စီအေအတိုင်း ဆက်သွားမည်ဖြစ်ပြီး မြောက်ပိုင်းအဖွဲ့အတွက် UPDJC အနေဖြင့် ကြားဝင်ဖြေရှင်းမည်မဟုတ်ဘဲ ငြိမ်းချမ်းရေးကော်မရှင်ကသာ ကြားဝင်ညှိနှိုင်းကြောင်းကို သတင်းစာရှင်းလင်းပွဲ မှာပြောထားပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီက မေလ ၂၄ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်နဲ့  နေပြည်တော်မှာ တွေ့ဆုံပြီး ဒီကနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ သတင်း - နိုင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024