လမ်းပေါ်မှ ရေမြောင်းအဖုံးနှင့်တိုက်မိပြီး ကြောက်မက်ဖွယ် လေပေါ်မြောက်တက်ခဲ့သည့်ကား (ရုပ်သံ)

731
ရုရှားနိုင်ငံမှာ ကားတစီးဟာ အရှိန်နဲ့ မောင်းနှင်လာပြီး လမ်းမပေါ်မှ ရေဆိုးမြောင်းအဖုံးနဲ့ တိုက်မိခဲ့ချိန်မှာ ထိတ်လန့်ဖွယ် လေပေါ်မြောက်တက် လွင့်ထွက်သွားခဲ့ပါတယ်။
ကာဇန်မြို့မှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကို နောက်ကကား ဒက်ရှ်ဘုတ် ကင်မရာမှတဆင့် ဖမ်းယူ ရိုက်ကူးထားနိုင်ခဲ့တာပါ။
တိုက်မိခဲ့တဲ့ အဖြူရောင် လာဒါကားဟာ လမ်းမပေါ်မှာ တခြားကားတစီးကို ကျော်တက်ဖို့ ညာဘက်ကနေ ကွေ့မောင်းလိုက်ချိန် လမ်းမပေါ်က ပွင့်နေတဲ့ ရေဆိုးမြောင်းအဖုံးနဲ့ တိုက်မိခဲ့ပြီး လေပေါ်တပတ်လည် မြောက်တက်ခဲ့ကာ တိမ်းမှောက်သွားခဲ့တာပါ။
ဒီအဖြစ်အပျက်ကြောင့် ယာဉ်မောင်းဖြစ်သူ အသက် ၅၁ နှစ်အရွယ် အမျိုးသားဟာ ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံတရုံဆီ ပို့ဆောင်ထားခဲ့ရပါတယ်။
ရဲတွေကတော့ ယာဉ်မောင်းဖြစ်သူဟာ လုံခြုံစိတ်ချရတဲ့ မောင်းနှင်မှုနဲ့ မောင်းနှင်ခဲ့ခြင်း မရှိဘူးလို့ ပြောလိုက်တာဖြစ်ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။
တချို့ကတော့ ယာဉ်မောင်းသူဘက်ကနေ ကာကွယ်ပြောဆိုပြီး “ကားမောင်းနေချိန်မှာ ခုလို (ရေဆိုးမြောင်းဖုံးပွင့်နေတာမျိုး) အသေးစိတ်တွေကို ဘယ်သူကမှ သတိပြုမိမှာမဟုတ်ဘူး” လို့ ပြောပါတယ်။