Home
မြန်မာသတင်း
တပ်ပိုင်အဖြစ် စည်းရိုးခတ်ခဲ့သည့် နမ့်ကုံးရေကန်ကို ဒေသခံများ ပြန်ပေးရန် တောင်းဆို
နန်းမြနဒီ
·
May 26, 2017
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့ပေါ်မှာ ဒေသခံတွေ အသုံးပြုနေတဲ့ နမ့်ကုံးရေကန်ကြီးကို ခလရ ၁၃၁ မြန်မာ့တပ်မတော်က တပ်ပိုင်မြေအဖြစ် စည်းရိုးကာ ထားတာကြောင့်  ဒေသခံတွေက ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဆိုပါရေကန်မှာ ကျေးသီးမြို့သူမြို့သား ထက်ဝက်ကျော်က  ရှေးယခင် ဘိုးဘွား အဆက်ဆက်ကတည်းက  သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုခဲ့ကြပြီး ဒီနှစ်ထဲ စစ်တပ်က စည်းရိုးခတ်လာတာကြောင့် အများပိုင်ရေကန်အဖြစ် ပြန်ပေးဖို့  မေ ၂၁ ရက်နေ့က သက်ဆိုင်ရာ တပ်ရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးကို တောင်းဆိုစာ ပေးပို့ခဲ့တယ်လို့  ကျေးသီးလူငယ်အဖွဲ့မှ စိုင်းသာလင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့က ကျနော်တို့ ရှေ့မီနောက်မီ လူကြီးတွေ၊ ရပ်မိရပ်ဖနဲ့ ဒေသခံ ၃၀၀ ကျေ်  ကျေးသီး ပရိယတ္တိစာသင်တိုက်မှာ ဒီကိစ္စ အစည်းအဝေးလုပ်တော့ ဒီကိစ္စကို ဘယ်သူမှ သဘောမတူကြဘူး။ အိမ်ခြေတထောင်ကျော်က လူပေါင်း ၁ သောင်းကျော်ဟာ ဒီရေကန်ကို အားထားနေရတယ်၊ ဒီရေကန်ဟာ ရှေးစော်ဘွားလက်ထက် ဘိုးစဉ်ဘောင်ဆက် အများပိုင်ရေကန် ဖြစ်ခဲ့တယ်၊ အဲဒီနောက် ရေကန်ရဲ့ အထက်ဘက် ကုန်းပေါ်မှာ စစ်တပ်က အစကတော့  သူတို့ရဲ့ ရှေ့တန်းစခန်းငယ်လေးပဲ လာထားတာ၊ နောက် ၂၀၀၁-၂၀၀၂ လည်း ရောက်ရော၊ ခိုင်မာတဲ့ တပ်စခန်း လာဆောက်တယ်၊ ဒေသခံတွေရဲ့ တောင်ယာတွေ၊ ခြံတွေလည်း တပ်နယ်မြေထဲ ပါသွားတယ်၊ အခု တမြို့လုံးနီးပါး သုံးနေတဲ့ ရေကန်ကြီးကိုပါ စည်းရိုးလာကာထားတာ ဆယ်ပုံတပုံ ပြီးနေပြီ။ ဒီကိစ္စအပေါ် ကျနော်တို့အားလုံး စိုးရိမ်ပူပန်နေကြပါတယ်၊ တပ်မြေထဲ ရောက်သွားရင် ကျနော်တို့ ဒီရေတွေကို သုံးခွင့်ရချင်မှရမယ်၊ ရရင်လည်း အကန့်အသတ်နဲ့ ဖြစ်မယ်၊ ဒါကြောင့် စစ်တပ်အနေနဲ့ ဒီလိုမလုပ်ဖို့ ဒီနေ့ပဲ တပ်ရင်းကို သွားပြီး တောင်းဆိုစာ ပေးပို့ထားပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလည်း သွားတယ်၊ မြို့နယ်မှူးကတော့ ဒေသခံတွေရဲ့ သဘောထားကို အလေးထားမယ်လို့ ပြောပါတယ်ခင်ဗျ။” စစ်တပ်မှ စည်းရိုးခတ်ထားတဲ့ မြေဧရိယာပေါင်း ၁၈ ဧက၊ ရေပြင်ဧရိယာ ၁၃ ဧက ရှိပြီး အဲဒီထဲမှာ နမ့်ကုံးရေကန်အပြင် ရှေးဟောင်းစေတီ ၂ ဆူနဲ့ ရိုးရာနတ်စင်တခုပါ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီမတိုင်ခင် မြေသိမ်းခံတောင်သူတွေက သူတို့မြေတွေ ပြန်ရဖို့ လွှတ်တော်အမတ်တွေကနေတဆင့် တောင်းဆိုခဲ့ပေမယ့် အရာမထင်ခဲ့ကြောင်း၊ စစ်တပ်မှ မြေတိုင်းရုံးနဲ့ ပေါင်းပြီး တရားဝင် မြေဂရန်တွေ ဘာတွေ လုပ်ထားတော့ ပြီးခဲ့တဲ့နှစ်က လွှတ်တော်ထဲမှာ  ပြည်ထဲရေးဌာနက စစ်တပ်ကို အနိုင်ပေးခဲ့ကြောင်း၊ ဒီမြေတွေထဲမှာ ရေကန်ပါ ပါတယ် ဆိုတာကိုတော့ ဒီနှစ်ထဲ စည်းရိုးလာခတ်မှ သိရှိကြပြီး အများပြည်သူကို ပြန်စွန့်ပေးဖို့ အခုလို တောင်းဆိုရတာလို့  စိုင်းသာလင်းထွန်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024