ကျိုင်းတုံတွင် ဗုံးပေါက်ကွဲ၊ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာ

577
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ မေ ၂၄ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံမြို့မရဲစခန်းက ပြောပါတယ်။
“ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စုတွင်းရှိ တောင်ယာလုပ်ကိုင်သူ ၃ ဦးဟာ မြေဆွရင်းနဲ့ ဗုံးသီးဟောင်း ၁ လုံးကို တွေ့ခဲ့တာပါ။ ထမင်းစားနားပြီး တောင်ယာတဲအိပ်စင်မှာ လဲလျောင်း အနားယူနေကြချိန်မှာ ဗုံးသီးကို အိပ်စင်ခြေရင်းမှာ ဝါးနဲ့ညှပ်ပြီး မြေမှာ ရိုက်ခွဲကြည့်ရင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်”လို့ ကျိုင်းတုံမြို့မ ဒုတိယ ရဲစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောပါတယ်။
နေ့လယ် ထမင်းစားနားချိန်မှာ အားဒလဲက ဗုံးသီးကို လှုပ်ကြည့်ပြီး အထဲက အသံကြားရတယ်လို့ ပြောပြီး ဗုံးသီးကို တုတ်နဲ့ညှပ် မြေကြီးပေါ်သို့ ရိုက်ခွဲရာက ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရတယ်။
“ဘာမှန်းမသိဘဲနဲ့ကို လျှောက်လုပ်လို့ ခုလို ဖြစ်ကုန်တာပါ။ စတွေ့ကတည်းက သက်ဆိုင်ရာကို လာအပ်ရင် ခုလိုဖြစ်မှာ မဟုတ်ပါဘူး။ ခုတော့ ဗုံးစခွဲတဲ့ ကောင်လေးလည်း သေပြီး ကျန်သူ ၃ ယောက်လည်း ဒဏ်ရာတွေရလို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသဖို့ တင်ထားတယ်။”
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ပေါ့လျော့စွာ အသုံးပြုမှုကြောင့် ဒဏ်ရာရရှိ သေဆုံးအောင် ပြုလုပ်သူ အားဒလဲ(ခ)အလီ(၂၂-နှစ်)ကို ကျိုင်းတုံ မြို့မရဲစခန်းက (ပ)၈၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆/၃၃၈/၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - သားသား