Home
မြန်မာသတင်း
မလေးရှားနိုင်ငံတွင်း ကားဖြင့် ခိုးဝင်လာသည့် တရားမဝင် မြန်မာ ၁၅ ဦး ဖမ်းမိ
DVB
·
May 25, 2017
မလေးရှားနိုင်ငံတွင်း တရားမဝင်ခိုးဝင်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းမိခဲ့တယ်လို့ မလေးရှားအခြေစိုက် သည်စတားသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ သူတို့ဟာ ဗန်ကားတစီးနဲ့အတူ ကီဒါပြည်နယ်၊ ချန်ကလန်မြို့မှ ဆီဗရန်ပရိုင်ခရိုင်တွင်းကို မေလ ၂၂ ရက် ည ၁၀း၄၅ နာရီမှာ ခိုးပြီး ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဘူကစ်မာတဂျန်မြို့၊ ကူဘန်ဆီမန်ကျေးရွာအနီးမှာ ကားကို ကင်းလှည့်စစ်ဆေးရေးအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ချိန်မှာတော့ ကားပေါ်မှာ မြန်မာအမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၀ ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ သူတို့ဟာ အသက် ၁၆ နှစ်ကနေ ၃၀ ကြား အရွယ်တွေဖြစ်ပြီး အားလုံးမှာ တရားဝင် ခရီးသွားစာရွက်စာတမ်းတွေ မပါလာကြဘူးလို့ ပြည်နယ်ရဲဌာန စုံစမ်းစစ်ဆေးရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ကွန်ဇိုင်နိုဆမာက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ သူတို့ကို ကားနဲ့တင်ဆောင်လာခဲ့တဲ့ ယာဉ်မောင်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် မလေးရှားနိုင်ငံသားကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။ အဲဒီယာဉ်မောင်း အမျိုးသားဟာ တရားမဝင်လုပ်သားတွေကို အေးဂျင့်ဆီပို့ဖို့ တဦးကို မလေးရှားရင်းဂစ် ၁၂၀ ယူပြီး ခုလိုတင်ဆောင်လာခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီပြစ်မှုအတွက် ယာဉ်မောင်းအမျိုးသားဟာ တရားမဝင် လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၆(က) အရ ဒဏ်ငွေဖြစ်စေ၊ ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ လူကုန်ကူးမှုဆန့်ကျင်ရေး အက်ဥပဒေ ၂၀၀၇ အရ ထောင်ဒဏ် ၁၅ နှစ်ဖြစ်စေ၊ ဒါမှမဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသားတွေကိုတော့ ခရီးသွားစာရွက်စာတမ်းတွေ မပါရှိဘဲ ပျက်ကွက်မှုအတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃၊ ပုဒ်မ ၆(၁)(ဂ) အရ စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024