ပြင်သစ်နိုင်ငံ အရေးပေါ်အခြေအနေကာလတိုးမြှင့်

ဓာတ်ပုံ - အေအက်ဖ်ပီ
415
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု ခံရနိုင်ခြေ မြင့်မားနေတာကြောင့် ပြင်သစ်နိုင်ငံရဲ့ အရေးပေါ်အခြေအနေကာလကို တိုးမြှင့်ဖို့ ကြေညာလိုက်ပါတယ်။
မေလ ၂၄ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ပြင်သစ်ဝန်ကြီးချုပ် ဖိလစ်ပ်က ပြင်သစ်နိုင်ငံတွင်း အရေးပေါ်အခြေအနေကို အရင်ကြေညာထားတဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
အခုအစည်းအဝေးဟာ သမ္မတ မက်ခွန်းရဲ့ ဝန်ကြီးများနဲ့တွေ့ဆုံတဲ့ ဒုတိယမြောက် အစည်းအဝေး ဖြစ်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ဖိလစ်ပ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ တိုက်ခိုက်ခံရမှုတွေ ရှိခဲ့တာကြောင့် အရေးပေါ်အခြေအနေကို နိုဝင်ဘာ ၁ ရက်နေ့ထိ တိုးမြှင့်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး ပြင်သစ်ဟာ လုံခြုံရေးနဲ့ပတ်သက်ရင် ဗြိတိန်နဲ့အတူ အမြဲပူးပေါင်း ရပ်တည်ခဲ့သလို မကြာခင်ကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးရာမှာလည်း ဗြိတိန်ကို တတ်စွမ်းသမျှ ကူညီသွားမယ်လို့ ပြောခဲ့ပါတယ်။
အီရတ်နဲ့ ဆီးရီးယားမှာ အခိုင်အမာ တပ်စွဲထားတဲ့ စစ်သွေးကြွတွေနဲ့ အပေါင်းအပါတွေရဲ့ လက်ချက်ကြောင့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း လူဦးရေ ၂၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
"ဥရောပနိုင်ငံတွေမှာ အိုင်အက်စ်အဖွဲ့နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ခြေဟာ မြင့်မားနေဆဲဖြစ်ပြီး ယူနိုက်တက်ကင်းဒမ်းနဲ့ ကျနော်တို့နိုင်ငံဟာ တိုက်ခိုက်မှု ခံရနိုင်ခြေ အမြင့်ဆုံးဖြစ်ပါတယ်။ အဲဒီလုပ်ရပ်တွေကို အရှေ့အလယ်ပိုင်းကနေ စိမ့်ဝင်လာတဲ့ သူတို့အဖွဲ့ဝင်တွေကဆင့် ကျနော်တို့နိုင်ငံတွေမှာ နေထိုင်ကြတဲ့ နိုင်ငံသား အဖွဲ့ဝင်တွေကို သွေးထိုးစေခိုင်းကြတာပါ" လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။