ဂျကာတာတွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်၊ ရဲအရာရှိ ၃ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲအရာရှိ ၃ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အရှေ့ဘက် ဘတ်စ်ကားဂိတ်တခုအနီးမှာ မေလ ၂၄ ရက်ညက ဖြစ်ခဲ့ပြီး အသေခံဗုံးဖောက်ခွဲသမား ၂ ဦးစလုံးလည်း သေဆုံးသွားခဲ့တာပါ။ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကတော့ ရဲအရာရှိ ၅ ဦးနဲ့ အရပ်သား ၅ ဦးတို့ဖြစ်ကြတယ်လို့ ရဲဌာနက ကြေညာခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ ရှိနေခဲ့သူတဦးက “ည ၉ နာရီလောက်မှာ ကျနော့်သမီးကို သွားကြိုနေတုန်း ခုံးကျော်တံတားအောက်ရောက်တော့ ပေါက်ကွဲသံအကျယ်ကြီး ကြား လိုက်ရတယ်။ အဲဒီနောက်တော့ လူတွေ ကားဂိတ်ထဲကနေ ထွက်ပြေးလာကြတာတွေ့ ရပေမယ့် ဒဏ်ရာရသူတွေကိုတော့ မတွေ့ခဲ့ရဘူး။ ပေါက်ကွဲသံကတော့ တော်တော် ကျယ်တယ်ဗျ” လို့ ပြောခဲ့ပါတယ်။ ကမ်ပုန်မလာယုကားဂိတ်အနီး ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်ကွဲမှု ၂ ခုဟာ တခုနဲ့တခု အချိန် ၅ မိနစ်ပဲခြားပြီး ပေါက်ကွဲခဲ့တာပါ။ လက်ရှိမှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာကို ပိတ်ထားပြီး ဗုံးရှင်းလင်းရေး အရာရှိတွေက ရှာဖွေမှုတွေ လုပ်ဆောင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up