Homeဆောင်းပါး
သံတမန်များခန့်အပ်ရေးဥပဒေအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်နှင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ စဉ်းစားချက်
သံတမန်များခန့်အပ်ရေးဥပဒေအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်နှင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ စဉ်းစားချက်
DVB
·
May 23, 2017
တလောက အန်ဒီအက်ဖ်ပါတီက အမတ်ဟောင်း ဦးအောင်ဇင်က ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တခုရေးတင်တယ်။ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်ကာလတုန်းက သံတမန်များဆိုင်ရာ ဥပဒေကြမ်း၊ ပြည်သူ့လွှတ်တော်ကို ရောက်လာပြီး ဆွေးနွေးခဲ့ကြရပေမယ့် လွှတ်တော်သက်တမ်းသာ ကုန်သွားတယ်၊ ဥပဒေက ထွက်မလာတဲ့ အကြောင်းကလေးပါ။ ကျနော်လည်း အဲဒီတုန်းက လွှတ်တော်ပြင်ပမှာ ဥပဒေကြမ်း ကော်မတီနဲ့ ဆွေးနွေးခဲ့တဲ့သူတွေထဲ တယောက်အပါအဝင် ဖြစ်ခဲ့သူဆိုတော့ အချက်အလက်တွေ မှတ်မိနေသေးတယ်။ ဒါနဲ့ သူ့ပို့စ်လေး ဖတ်ပြီးတဲ့အခါ အဟောင်းက အသစ်ဖြစ်လာတာနဲ့ ကွန်မင့်တချက် ဝင်ရေးလိုက်ပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကျတော့ ကျောင်းအားတာနဲ့ ဆံသဆိုင်မှာ ဆံပင်သွားညှပ်တဲ့ အခါ ယူနန်တက္ကသိုလ်မှာ မြန်မာစာသင်ပေးနေတဲ့ ဆရာဒေါက်တာမျိုးငြိမ်းမင်းက အဖော်လိုက်ပေးပါတယ်။ ဆံပင်ညှပ်အပြီး အဆောင်နားက ကော်ဖီဆိုင်မှာ နှစ်ယောက်သား ထိုင်ကြရင်း စကားစမြည် ပြောကြတော့ ဖေ့စ်ဘွတ်ခ်အကြောင်း ပြောရင်းက ခုန ဦးအောင်ဇင်တင်တဲ့ ပို့စ်လေးအကြောင်း ရောက်သွားတယ်။ ကျနော် ရှင်းပြတာကို နားထောင်ပြီးတော့ ဒေါက်တာမျိုးက ဒီအကြောင်းအရာလေးကို ဆောင်းပါးရေးသင့်တယ်လို့ အကြံပြုပါတယ်။ ကျနော်ကလည်း ရေးသင့်တယ်လို့ ယူဆမိတယ်။ ဒါကြောင့် အဲဒီဥပဒေနဲ့ ပတ်သက်တာလေးတွေကို စာဖတ်ပရိသတ်များ ဆဝါးနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။
သံအမတ်တွေ ခန့်အပ်တဲ့အလုပ်က အားလုံးသိကြတဲ့အတိုင်း နိုင်ငံအကြီးအကဲရဲ့ လုပ်ပိုင်ခွင့်ပါ။ ဒါကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘယ်လို ပြဋ္ဌာန်းထားသလဲ ဆိုတော့…
၂၀၇။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ -
(က) မိမိနိုင်ငံ၏ သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်။
(ခ) နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက် ပေးခြင်း၊ နိုင်ငံခြား သံတမန်များအား ပြန်လည်ခေါ်ယူရန် အကြောင်းကြားခြင်း ပြုနိုင်သည်။
(ဂ) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်း ပြုသည်… လို့ ဆိုထားပါတယ်။
ဒီတော့ သမ္မတဦးသိန်းစိန်က သံအမတ်ခန့်အပ်ဖို့ စဉ်းစားတဲ့အခါ ဥပဒေနဲ့အညီ ခန့်အပ်ဖို့ လိုပါတယ်။ ဒီမှာ ပြဿနာရှိတာက သံတမန်တွေ ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်းနဲ့ဆိုင်တဲ့ ဥပဒေက အဆင်သင့် ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ ဒါကြောင့် အစိုးရဝန်ကြီးဌာနတခု (နိုင်ငံခြားရေးဝန်ကြီးဌာနလို့ ထင်ပါတယ်။) က ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်ကို ပို့လာပါတယ်။ လွှတ်တော် လုပ်ထုံးလုပ်နည်းအရ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီနဲ့ နိုင်ငံတကာဆက်ဆံရေး ကော်မတီတို့က အရင်ဆွေးနွေးသုံးသပ်ပြီး ပြင်သင့်၊ ဖြည့်စွက်သင့်တယ်လို့ သူတို့ယူဆတဲ့ အချက်တွေကို ထည့်သွင်းပါတယ်။ ဒီပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ ဇယားဆွဲပြီး ရိုက်နှိပ်ထားတဲ့ ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေ ဖြန့်ဝေပေးပြီး ဆွေးနွေးလိုတဲ့သူတွေ ၃ ရက်အတွင်းမှာ မိမိပြင်လိုတဲ့ အကြောင်းအရာကို ဖော်ပြပြီး အမည်စာရင်း ပေးသွင်းရပါတယ်။
ကျနော့်အနေနဲ့ ဒီဥပဒေကြမ်းမှာ ဖော်ပြထားတဲ့ သံတမန်တဦးရှိရမယ့် အရည်အချင်း သတ်မှတ်ချက်တွေ ဘာတွေကိုတော့ သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမယ့် မူလဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ နိုင်ငံတကာဆက်ဆံရေး ကော်မတီတို့က ပြင်လိုက်တဲ့ အချက်တချက်ကိုတော့ ကျနော် စိတ်ဝင်စားမိတယ်။ အဲဒါက ဘာလဲဆိုတော့ သံတမန်ခန့်အပ်တဲ့အခါ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရမည်လို့ ပြင်ဆင်ဖြည့်စွက်လိုက်တာပါ။ ကျနော် ချက်ချင်း သိလိုက်ပါတယ်။ ဒီလို ပြင်လိုက်မယ်ဆိုရင် အခြေခံဥပဒေနဲ့ ဆန့်ကျင်သွားပြီဆိုတာ။ ဒါကို ကျနော် ထောက်ပြချင်ပါတယ်။ ဒါနဲ့ ကျနော်လည်း ပြင်ချင်တဲ့ အကြောင်းအရာကို ရေးသားပြီး စာရင်းသွားပေးလိုက်ပါတယ်။ လွှတ်တော်ရုံးမှာ ကျနော် စာရင်းသွားပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အမည်စာရင်းပေးထားတာကိုလည်း တွေ့လိုက်တော့ ကျနော် အားတက်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျနော့်လိုပဲ ဒီဥပဒေကြမ်းထဲက အခြေခံဥပဒေနဲ့မညီတဲ့ အပိုဒ်ကို ထောက်ပြလိမ့်မယ်လို့ တွေးလိုက်မိလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဟာ အခြေခံဥပဒေကို အားလုံး သဘောတူတာ၊ မတူတာ၊ ကြိုက်တာ၊ မကြိုက်တာက တပိုင်း၊ ဥပဒေပြုသမား တာဝန်အရ မိမိပါဝင်တဲ့ လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေကတော့ အခြေခံဥပဒေနဲ့ ညီညွတ်ရမယ်၊ မညီညွတ်ဘူးထင်ရင် ထောက်ပြရမယ်ဆိုတဲ့ သဘောတရားကို နားလည်ထားလို့ ဖြစ်ပါတယ်။ အခြေခံဥပဒေမှာ မိမိတို့ သဘောမတူတာကို ပြင်ဆင်ဖို့ ကြိုးပမ်းတာက တပိုင်းဖြစ်တယ် ဆိုတာလည်း နားလည်ထားရပါတယ်။
သုံးရက်ပြည့်ပြီးတဲ့အခါ ဥပဒေကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဥပဒေကြမ်းကော်မတီဝင်တွေ၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဝင်တွေဟာ ဥပဒေကြမ်းကော်မတီရုံးခန်းမှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ ညနေ ၄ နာရီထိုးမှာ ဆုံတွေ့ကြဖို့ ချိန်းထားတော့ ကျနော်တို့လည်း အချိန်မီ ရောက်လာကြပါတယ်။
ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၁)၊ ကျနော်က ဒုတိယ နံပါတ် (၂)၊ နောက် တတိယက ရှေ့နေကြီးဦးသိန်းညွန့်၊ နောက်စတုတ္ထတယောက်က USDP က ဦးအောင်စိုးလို့ ထင်ပါတယ်။ (ကျနော် မှားချင် မှားနိုင်ပါတယ်။)
ဥပဒေကြမ်းကော်မတီဝင်တွေထဲမှာတော့ ဦးတီခွန်မြတ်နဲ့ ဦးစောလှထွန်းတို့ ပါတာကို မှတ်မိပါတယ်။ ဥပဒေကြမ်းကော်မတီမှာ သူတို့က အဓိကပဲလေ။ မပါလို့ ဘယ်ဖြစ်မလဲ။ နိုင်ငံတကာဆက်ဆံရေးကော်မတီမှာတော့ ဥက္ကဋ္ဌဖြစ်တဲ့ သံအမတ်ဟောင်း ဦးလှမြင့်ဦး ပါပါတယ်။ အတွင်းရေးမှူးလုပ်တဲ့ ဦးကိုကိုထွန်း ပါ၊ မပါ ကျနော် သတိမထားမိတော့ပါ။
ဦးလှမြင့်ဦးက အဖွင့်စကား နည်းနည်းကျဉ်းကျဉ်း ပြောပြီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး ဆွေးနွေးရပါတယ်။ တော်တော်ကြာလေး ပြောသွားပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ရှိလိမ့်မယ် ထင်ပါရဲ့။ ဒေါ်အောင်ဆန်းစုကြည် အဓိကပြောတာကတော့-
“သံတမန်တွေ ခန့်အပ်တဲ့ဥပဒေဆိုတာ ဘယ်နိုင်ငံမှာမှ မရှိဘူး။ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ သမ္မတတို့၊ ဝန်ကြီးချုပ်တို့က သင့်တော်မယ်လို့ သူ ယူဆတဲ့သူကို ခန့်တာပဲ။ ဒါကြောင့် ဒီဥပဒေက ပြဋ္ဌာန်းစရာ မလိုဘူး။” ဆိုတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် ပြောပြီးတော့ ကျနော့်အလှည့်ပါ။ မူလက ကျနော် ဆွေးနွေးဖို့ ပြင်ဆင်ထားတာက သံတမန်တွေကို သမ္မတက “ဥပဒေနဲ့အညီ ခန့်အပ်ရမည်” လို့သာ အခြေခံဥပဒေမှာ ဆိုထားတဲ့အတွက် “ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရမည်” လို့ ဖြည့်စွက်ထားတာဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ် ဆိုတာလောက်ကို ထောက်ပြဖို့ပါ။ သို့သော် မျှော်လင့်ထားသလို ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်က ကျနော်နဲ့မတူဘဲ ကွဲလွဲနေတော့ ဒီဥပဒေကို ဘာကြောင့် ပြဋ္ဌာန်းဖို့လိုသလဲဆိုတဲ့ ကျနော့်အမြင်ကိုပါ စတင်ပြောဆို ဆွေးနွေးရပါတော့တယ်။ အဲဒီတုန်းက ကျနော် ဆွေးနွေးခဲ့တာကို ပြန်ပြောပါ့မယ်။
“ဒီဥပဒေကို ဘာလို့ ပြဋ္ဌာန်းဖို့လိုသလဲဆိုတာ ကျနော့်အမြင်ကို စပြောပါ့မယ်။ နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ရဲ့ ကွာခြားချက်တခုက အာဏာရှင်စနစ်မှာ ပြဿနာတခုချင်းအလိုက် အာဏာရှင်က စိတ်ကူးတည့်ရာ အမိန့်၊ ညွှန်ကြားချက်တွေထုတ် အုပ်ချုပ်လေ့ရှိတယ်။ ဒီမိုကရေစီစနစ်မှာတော့ ပြဿနာတွေ မပေါ်ခင်က ကြိုတင်ပြီး စည်းမျဉ်းတွေ၊ ဥပဒေတွေကို အများဆန္ဒနဲ့ ချမှတ်ထားလေ့ ရှိကြပါတယ်။ ပြဿနာပေါ်လာတဲ့အခါ ချမှတ်ထားတဲ့ ဥပဒေနဲ့အညီသာ ဆုံးဖြတ် လုပ်ကိုင်ပါတယ်။ ဒါမှသာ သူ့ကျတော့ တမျိုး၊ ငါ့ကျတော့ တဖုံ ဆိုတာမျိုး၊ မညီမမျှ မဖြစ်တော့ဘဲ စည်းမျဉ်း၊ ဥပဒေ တခုတည်းအောက်မှာ အားလုံး တန်းတူညီမျှ ရှိမှာပါ။ ဒါကြောင့် ဥပဒေမရှိဘဲ ဆုံးဖြတ် အုပ်ချုပ်တာထက် ဥပဒေ၊ စည်းမျဉ်းချမှတ်ပြီး ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်တာက ပိုကောင်းပါတယ်။ ဒီမိုကရေစီ ပိုကျပါတယ်။ ဒါက ဘာကြောင့် ဒီဥပဒေ ပြဋ္ဌာန်းသင့်တယ်ဆိုတဲ့ ပထမအချက်ပါ။
ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့… ‘၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၀၇ မှာ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ မိမိနိုင်ငံ၏ သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည် ခေါ်ယူခြင်း ပြုနိုင်သည်’ လို့ ပြဋ္ဌာန်းထားတဲ့အတွက် ပြဋ္ဌာန်းထားပြီးသား သံတမန်များဆိုင်ရာ ဥပဒေရှိခဲ့ရင် အဲဒီဥပဒေနဲ့အညီ ခန့်အပ်နိုင်တယ်၊ ပြန်လည်ခေါ်ယူနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး၊ အဲဒီဥပဒေ မရှိသေးရင် ရှိလာအောင် အရင်ပြဋ္ဌာန်းပေးရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီလို အခြေခံဥပဒေက ဆိုထားတာကြောင့် ဒီဥပဒေလည်း မရှိသေးတာကြောင့်၊ ဒါကို ပြဋ္ဌာန်းဖို့လိုတယ်ဆိုတာ ဒုတိယတချက်အနေနဲ့ ပြောချင်ပါတယ်။”
ကျနော် အဲဒီလို ဆွေးနွေးတဲ့အခါ ဦးလှမြင့်ဦးက ဝင်ရောက်ဆွေးနွေးတာကတော့… ‘အခြေခံဥပဒေမှာ လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရမည်လို့ အတိအလင်း ဆိုမထားတဲ့အတွက် ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရမည်လို့ ထည့်လိုက်တာဟာ အခြေခံဥပဒေကို ဆန့်ကျင်ရာ မရောက်ပါဘူး’ လို့ ဆွေးနွေးပါတယ်။ အဲဒီအခါ ကျနော်က ဒီလို ရှင်းပြပါတယ်။
“ကျနော်တို့ အခြေခံဥပဒေကို ဖတ်တဲ့အခါ ပုဒ်မတခုချင်း ကွက်ဖတ်ရင် မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ နားလည်မှာ မဟုတ်ပါ။ ဒါကြောင့် ရှေ့နောက် တည်ရှိတဲ့ ပုဒ်မတွေ၊ အဲဒီပုဒ်မ ပါဝင်တဲ့ ခေါင်းစဉ်တွေ၊ ဒါတွေကိုပါ ခြုံပြီးဖတ်ဖို့ လိုပါတယ်။ အဲဒီပုဒ်မ ၂၀၇ ဟာ နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်နှင့်တာဝန် ဆိုတဲ့ ခေါင်းစဉ်အောက်က ပုဒ်မ ၂၀၂ ကနေ၊ ၂၁၅ အတွင်း ပါဝင်တဲ့ ပုဒ်မတခု ဖြစ်ပါတယ်။ ပုဒ်မ ၂၀၂ မှာ ‘နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်’ လို့ အစချီပြီး လုပ်နိုင်တဲ့ အခွင့်အာဏာတွေကို ဖော်ပြထားပါတယ်။ ထို့အတူ ပုဒ်မ ၂၀၆ မှာလည်း ‘ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်’ လို့ အစချီထားပြီး လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့ သံတမန်ဆက်သွယ်ရေးဆိုင်ရာ တာဝန်များကို ဖော်ပြထားပါတယ်။
ပုဒ်မ ၂၀၅၊ ၂၀၇ နဲ့ ၂၀၉ မှာတော့ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ လို့ အစချီထားပြီး သူ လုပ်နိုင်တဲ့တာဝန်တွေကို ဖော်ပြထားပါတယ်။ ဒါကြောင့် ပုဒ်မ ၂၀၇ မှာ ဖော်ပြထားတဲ့ သံတမန်များခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း တာဝန်တွေကို အခြေခံ ဥပဒေထဲ ပြဋ္ဌာန်းရာမှာ အမှုမဲ့အမှတ်မဲ့ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆိုတဲ့ စကားလုံးကို ချန်ထားခဲ့တာ မဟုတ်ပါဘူး။ ဘယ်လိုတာဝန်ကိုတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့မှ လုပ်နိုင်မယ်၊ ဘယ်လို တာဝန်တွေကိုတော့ဖြင့် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် တောင်းခံစရာမလိုဘဲ ဥပဒေပြဋ္ဌာန်းပြီး ဥပဒေနဲ့အညီ လုပ်ရမယ်ဆိုပြီး အခြေခံဥပဒေက ကဏ္ဍခွဲခြား သတ်မှတ်ပေးလိုက်တာပါ။ ဒါကြောင့် သံတမန်များ ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းတဲ့အခါ မူလသတ်မှတ်ချက်ဖြစ်တဲ့ ဥပဒေနဲ့အညီ ဆိုတာကို ဘေးချိတ်ပြီး ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆိုတာ ထည့်လိုက်ရင် မူလက ကဏ္ဍခွဲခြားထားတာနဲ့ အများကြီး လွဲချော်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်ရမည် ဆိုတဲ့အပိုဒ်ကို ဖြုတ်ပစ်မှသာ ယခု ဆွေးနွေးနေတဲ့ ဥပဒေဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှာ ဖြစ်ပါတယ်” လို့ ရှင်းပြလိုက်ပါတယ်။
ကျနော် ဆွေးနွေးပြီးတဲ့အခါ ရှေ့နေကြီးဦးသန်းညွန့်နဲ့ USDP က ဦးအောင်စိုး (ကျနော် အမှတ်မှားချင် မှားနိုင်) တို့က ဆက်လက် ဆွေးနွေးကြပါတယ်။ သူတို့ ပြောစရာ သိပ်များများ မရှိကြပါ။ ခုန ဦးရဲထွန်း ဆွေးနွေးသွားတာ ပြည့်စုံပါတယ်။ အဲဒီအတိုင်း သဘောတူပါတယ်လို့ပဲ ပြောကြပါတယ်။ နောက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက တက်ရောက်လာတဲ့ အရာထမ်းများကလည်း ဦးရဲထွန်း ဆွေးနွေးသွားတဲ့အတိုင်းပါပဲ၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရန် မလိုပါ ဆိုတာကိုပဲ ဆွေးနွေးသွားကြပါတယ်။
ကျနော့်ညာဘက်ဘေး တယောက်ကျော်မှာ ထိုင်နေတဲ့ ကော်မရှင်အဖွဲ့ဝင် တယောက် (နာမည် မမှတ်မိတော့) ကတော့ နိုင်ငံတကာမှာ သံတမန်ခန့်ထားရေး၊ ပြန်လည်ခေါ်ယူရေးဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံများစာရင်းကို ပြောပြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ သံတမန်ခန့်အပ်တဲ့အခါ သမ္မတက ဆီးနိတ်လွှတ်တော်ရဲ့ အတည်ပြုချက်နဲ့သာ ခန့်အပ်နိုင်ကြောင်း၊ သမ္မတက မကြိုက်တော့တဲ့အခါ အချိန်မရွေး ပြန်လည်ခေါ်ယူနိုင်ကြောင်း ရှင်းလင်း ဆွေးနွေးသွားပါတယ်။
ဥပဒေကြမ်း ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်သူအားလုံးနီးပါး ပြောဆိုပြီးတဲ့အချိန်မှာ သဘောထားက ၃ မျိုး ဖြစ်နေတာ တွေ့ရတယ်။ ဥပဒေကြမ်းကော်မတီနဲ့ နိုင်ငံတကာ ဆက်ဆံရေးကော်မတီက ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရန် သဘောထား ရှိကြပြီး ဦးသိန်းညွန့်၊ ဦးအောင်စိုး၊ နိုင်ငံခြားရေးဌာနက အရာထမ်းများနဲ့ ကျနော်တို့က ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် မလိုတဲ့အတွက် ဖြုတ်ရန် ဆန္ဒရှိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကတော့ ဒီဥပဒေကို ပြဋ္ဌာန်းစရာ မလိုဘူးလို့ ယူဆပါတယ်။
ကော်မတီတွင်း ဆွေးနွေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်မျိုးရှိတာ သူတယောက်တည်း ဖြစ်နေပေမယ့် အဲဒီအမြင်ပဲ အနိုင်ရသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပထမအကြိမ် လွှတ်တော်သက်တမ်းသာ ကုန်သွားတယ်။ ဒီဥပဒေက လွှတ်တော်က ထွက်မလာတော့လို့ပါ။
အဲဒီဥပဒေ ထွက်မလာတဲ့အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ သံအမတ်သစ်တွေ ခန့်အပ်ရာမှာ၊ ပြန်လည်ခေါ်ယူရာမှာ ဥပဒေနဲ့အညီ ခန့်အပ်ဖို့ဆိုတာ မဖြစ်နိုင်လို့လား၊ အသစ်ခန့်အပ်တာ၊ ပြန်လည်ခေါ်ယူတာ လုပ်ဖို့ မလိုလို့လားတော့ မသိပါ။ အသစ်ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း လုပ်တာကို မတွေ့မိတော့ပါ။
ယခုလည်း ဒီဥပဒေ မရှိသေးတဲ့အတွက် သမ္မတဦးထင်ကျော်အနေနဲ့ သံတမန်တွေကို ဘယ်လိုခန့်အပ်မလဲ၊ ဘယ်လိုဥပဒေနဲ့အညီ ပြန်လည်ခေါ်ယူမလဲဆိုတာ အခက်အခဲရှိမှာ ဖြစ်ပါတယ်။ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်သက်သက်နဲ့ ခန့်အပ်တာ၊ ပြန်ခေါ်တာ လုပ်ပြန်ရင်လည်း အခြေခံဥပဒေနဲ့ ညီညွတ်မှာ မဟုတ်ပါ။
ဒီပြဿနာကို ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အခြေအနေမျိုးဖြစ်အောင် ဖြေရှင်းလို့ရတဲ့နည်း ရှိပါတယ်။ အဲဒါကတော့ ပြဋ္ဌာန်းမယ့် ဥပဒေမှာ၊ သံတမန်တွေ ခန့်အပ်တဲ့အခါ ရှိရမယ့် အရည်အချင်း သတ်မှတ်ချက်တွေထဲမှာ၊ အပိုဒ်ခွဲတခု ထပ်ထည့်လိုက်ဖို့ပါပဲ။ အဲဒီအပိုဒ်ခွဲမှာ…
(---) နိုင်ငံတော်သမ္မတက သံတမန်အရည်အချင်းနှင့် ပြည့်စုံသည်ဟု ယူဆသူ။
ဆိုတဲ့ အပိုဒ်ခွဲပါ။ ဒါကိုဖြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ယူဆသလို သမ္မတက ခန့်အပ်ချင်တဲ့သူ၊ မည်သူ့ကိုမဆို ခန့်အပ်လို့ရသွားမှာ ဖြစ်သလို၊ သံတမန်များဆိုင်ရာ ဥပဒေလည်း ပေါ်ထွက်လာမှာဖြစ်လို့ သံတမန် ခန့်အပ်တာ၊ ပြန်လည်ခေါ်ယူတာမှာ သမ္မတအနေနဲ့ လုပ်ရ ကိုင်ရ လွယ်ကူ အဆင်ပြေသွားမှာ ဖြစ်ပါကြောင်း။ ။
ရဲထွန်း (သီပေါ)