သထုံတွင် စိတ်ကြွဆေးပြားရောင်းချသူနှင့် ပါဝင်ပတ်သက်သူ ၅ ဦးကို ဖမ်းမိ
DVB
·
May 22, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာမှာ မေလ ၂၁ ရက်နေ့က စိတ်ကြွရူးသွပ် ဆေးပြားရောင်းချသူနှင့် ပါဝင်ပတ်သက်သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်နယ်မြေ ရဲစခန်းက ပြောပါတယ်။
သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးသတင်းအရ ဝီယော်ကျေးရွာနဲ့ ကြာပန်းကျေးရွာသွား ကားလမ်းမ၊ ဝီယော်ကျေးရွာအုပ်စု၊ ကုလားကုန်းကြီးပိုင်းမှာ စောင့်ဆိုင်းနေ စဉ် ဝီယော်ကျေးရွာဘက်မှ ကြာပန်းကျေးရွာဘက် နီတွတ် (ခ) အောင်စိုးဦး(၂၂)နှစ်၊ မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေး ၁၅ ပြား ဖမ်းဆီးခဲ့တာပါ။
စစ်ဆေးချက်အရ နီတွတ်နဲ့အတူ ဆေးပြားဝယ်ဖို့အတူသွားတဲ့ ကျော်နိုင်ဦး (ခ) ပြာမောင်မောင်(၂၂-နှစ်)နဲ့ စွမ်းပြည့်အောင် (ခ) ကလူး(၁၉)နှစ် တို့ကို ဝီယော်ကျေးရွာသွား ကားလမ်းဘေးရှိ ရော်ဘာခြံအနီး ထပ်မံဖမ်းဆီးမိခဲ့ပါတယ်။၊ နီတွတ်ထံမှ စစ်ဆေးချက်အရ ဆေးပြားဝယ်ယူခဲ့တဲ့ ဝီယော်ကျေးရွာ ရွာတန်းရှည်ပိုင်းနေ အောင်မြင့်(ခ) ထင်ကျော်(ခ) မန္တလေး(၂၈-နှစ်)ထံက ဆေးပြား ၁ ပြားလျှင် ကျပ် ၄၀၀၀ နှုန်းနဲ့ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။
သထုံခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက "ဆေးပြားတွေရောင်းချနေတယ်လို့ သတင်းအရ စောင့်ဖမ်းတာပါ။ ဖြန့်ဖြူးရောင်းချသူနဲ့ ဆက်စပ်ဝယ်ယူသုံးစွဲသူတွေကိုပါ ဖမ်းမိထားပါတယ်။ နောက်ထပ်ကွင်းဆက်တရားခံတွေ ရှိ၊ မရှိ စစ်ဆေးပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာ ပါ''လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသုံးစွဲဖြန့်ဖြူးရောင်းချသူ နီတွတ် (ခ) အောင်စိုးဦး၊ ကျော်နိုင်ဦး (ခ )ပြာမောင်မောင်၊ စွမ်းပြည့်အောင် (ခ) ကလူး၊ အောင်မြင့် (ခ )ထင်ကျော်တို့ ၄ ဦးအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ မယ (ပ)၂ /၂၀၁၇ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/ ၁၆ (ဂ)/ ၂၀ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရပါတယ်။
ဆက်လက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ အောင်မြင့် နေအိမ်ကို သထုံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ မူးယစ်ဆေးဝါး နေအိမ်ရှာဖွေခွင့်ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာမှာ နေအိမ်အနောက်ဘက် ရာဘာပင်အောက်မှာ ဝှက်ထားတဲ့ WY ပန်းရောင်စိတ်ကြွ ဆေးပြား ၁၁၄ ပြား၊ အစိမ်းရောင် ၁ ပြား၊ စုစုပေါင်း ၁၁၅ ပြားအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ထပ်မံစစ်ဆေးချက်အရ မူးယစ်ဆေးဝါးတွေကို ဝီယော်ကျေးရွာ၊ ရွာကြီးပိုင်းနေသူ မြင့်စိုးထံမှ ဝယ်ယူကြောင်း သိရှိရလို့ မြင့်စိုးအား ဖမ်းဆီးခဲ့ပြီး နေအိမ်မှာ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတွေ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
အမှုနဲ့ ပတ်သက်ပြီး သိမ်ဆိပ်နယ်မြေရဲစခန်းမှ အောင်မြင့်(ခ) ထင်ကျော်(ခ)မန္တလေးနဲ့ မြင့်စိုးတို့ကို မယ (ပ) ၃ /၂၀၁၇ မူးယစ်စိတ်ပြောင်းပုဒ်မ ၁၅/ ၁၉ (က)/ ၂၀ (က)/ ၂၁ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။
သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - ရဲစခန်း