Home
မြန်မာသတင်း
တရားခံလွှဲပြောင်းရေးဥပဒေကြမ်း အမျိုးသားလွှတ်တော်တွင် ဆွေးနွေး
နေဖြိုးဝင်း
·
May 22, 2017
တရားခံလွှဲပြောင်းရေးဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့မနက် ကျင်းပတဲ့ အမျိုးသား လွှတ်တော်အစည်းအဝေးမှာ  ဆွေးနွေးခဲ့ကြပါတယ်။ ဥပဒေကြမ်းမှာ တရားခံလွှဲပြောင်းပေးနိုင်တဲ့ ပြစ်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ထောင်ဒဏ် ၂ နှစ်နဲ့ ၂ နှစ်အထက်ဖြစ်ပြီး နောက်ဆက်တွဲ ဥပဒေစာရင်းမှာ ထောင်ဒဏ် ၁ လချလို့ရတဲ့ ပြစ်မှုတွေလည်း ပါနေတာကြောင့် လိုအပ်ချက်တွေ ရှိနေတယ်လို့  အမျိုးသားလွှတ်တော်အမတ် ဦးဌေးဦးက ပြောပါတယ်။ “နောက်ဆက်တွဲကဆိုပြီး ဥပဒေစာရင်းတခု လုပ်ထားတယ်။ အဲဒီဥပဒေထဲမှာကျတော့ ထောင် ၁ လ ချလို့ရတဲ့အမှုလည်း ပါနေတယ်။ ထောင် ၁ နှစ်ချလို့ရတဲ့အမှုလည်း ပါနေတယ်။ သူ့ ဥပဒေထဲမှာ အဓိပ္ပာယ်ဖွင့်ထားတာ ၂ နှစ်နဲ့ ၂ နှစ်အထက် ချလို့ရတဲ့ ပြစ်မှုလို့ ပြောပြီးတော့ တကယ့်ဥပဒေကြမ်းထဲမှာကျတော့ ထောင် ၁ လချလို့ရတဲ့ ဥပဒေမျိုးတွေ ပါနေတယ်၊ အဲဒီအပြင် တစ်ကျွန်းတို့ နှစ်ပေါင်းများစွာချလို့ရတဲ့ ဥပဒေမျိုးတွေ အများကြီးကျတော့လည်း မပါပြန်ဘူး။ အဲတော့ ဥပဒေရေးထားတဲ့ဟာ တော်တော်လေးကို လိုအပ်ချက်တွေရှိနေတယ်လို့ မြင်တယ်။ ဒီဥပဒေဟာ တော်တော်လေး ပြီးလွယ်စီးလွယ် ရေးထားတဲ့သဘော သက်ရောက်နေတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် တနိုင်ငံနဲ့ တနိုင်ငံ တရားခံလွှဲပြောင်းတာမှာ သူများနိုင်ငံက တောင်းရင် ဘယ်လို ပေးရမလဲဆိုတာ ပြည့်ပြည့်စုံစုံပါပေမယ့် ကိုယ့်နိုင်ငံက တောင်းရင်း ဘယ်လိုတောင်းရမလဲ ဆိုတာမျိုးကျ ပြည့်ပြည့်စုံစုံ မပါဘူးလို့ ဆိုပါတယ်။ “တနိုင်ငံနဲ့ တနိုင်ငံ လိမ်ပြီးတော့ အမှုဆင်ပြီးတော့ အပြစ်မကျုးလွန်ဘဲနဲ့ ကျုးလွန်သယောင် ထင်ယောင်ထင်မှား လုပ်ပြီးတော့ တောင်းရင်ရော ဘယ်လိုလုပ်မလဲ၊ အဲဒါမျိုးကို ကာကွယ်တဲ့ ပြဋ္ဌာန်းချက်တွေလည်း မတွေ့ရဘူး။ နောက်တခါ အဲဒီဥပဒေထဲမှာ သူများနိုင်ငံက တောင်းရင် ဘယ်လိုပေးရမယ်ဆိုတဲ့ဟာမျိုးတော့ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ ရေးထားတယ်။ ကိုယ့်နိုင်ငံက တောင်းရင် ဘယ်လိုတောင်းရမလဲ ဆိုတဲ့ဟာမျိုးကျတော့ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံရေးထားတာ မတွေ့ဘူး” လို့ ဦးဌေးဦးက ပြောပါတယ်။ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဦးဌေးဦးရဲ့ ဆွေးနွေးချက်တွေကို ဥပဒေကြမ်းကော်မတီက ပြန်လည် ကြားနာဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ပါတယ်။ တရားခံလွှဲပြောင်းပေးဖို့ တောင်းဆိုတဲ့နိုင်ငံရဲ့ စီရင်ပိုင်ခွင့်ရှိတဲ့ ပိုင်နက်နယ်မြေအတွင်း တရားခံလွှဲပြောင်းပေးနိုင်တဲ့ ပြစ်မှုတခုခုကို ကျုးလွန်ပြီး တခြားနိုင်ငံတနိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်နေသူ၊ ဖမ်းဆီးခံထားခံရသူ၊ တရားစွဲခံရသူကို တောင်းဆိုတဲ့နိုင်ငံက တရားစွဲဖို့၊ ပြစ်ဒဏ်ချဖို့၊ ပြစ်ဒဏ် အတည်ပြုဖို့ တောင်းဆိုတဲ့အခါမှာ လွှဲပြောင်းပေးရမယ်လို့ ဥပဒေကြမ်းမှာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024