Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် မန္တ​လေး​ခရီး​စဉ် ဆိုင်း​ငံ့
အေးနိုင်
·
February 3, 2012
အမျိုး​သား​ဒိမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အခုလ ၄ ရက်နဲ့​ ၅ ရက်​နေ့​ မန္တ​လေး​တိုင်း​ စည်း​ရုံး​ရေး​ခရီး​စဉ်ကို မန္တ​လေး​က ဗထူး​အား​ကစား​ကွင်း​၊​ မိုင်ဒါ အား​ကစား​ကွင်း​ နှစ်ကွင်း​နဲ့​ ​ဘောလုံး​သင်တန်း​ကွင်း​တွေမှာ ခွင့်​ပြုချက်မရ ဖြစ်ခဲ့​ပြီး​တဲ့​နောက် ​ရွှေ့​ဆိုင်း​လိုက်ပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပါတီစည်း​ရုံး​ရေး​ခရီး​စဉ်အဖြစ် တနင်္သာရီတိုင်း​ ထား​ဝယ်ကို ​ရောက်ရှိတုန်း​က လူ​ထောင်​သောင်း​ချီကြိုဆိုသလို မန္တ​လေး​မြို့​နဲ့​ ပုသိမ်မြို့​တွေမှာ ပါတီစည်း​ရုံး​ရေး​လုပ်မယ်လို့​ ​ပြောထား​ပါတယ်။ မန္တ​လေး​ ဗထူး​ကွင်း​ကို ခွင့်​တောင်း​ရာမှာ ဗထူး​ကွင်း​တာဝန်ခံက ခွင့်​ပြု​ပေမယ့်​ ​ကော်မရှင်က မြန်မာနိုင်ငံ ​ဘောလုံး​အဖွဲ့​ချုပ်ပိုင် ကွင်း​ဖြစ်လို့​ ခွင့်​တောင်း​ခိုင်း​ပါတယ်။ ​ဘောလုံး​အဖွဲ့​ချုပ် တာဝန်ရှိသူ​တွေထံ ခွင့်​တောင်း​တဲ့​အခါ ​ကော်မရှင်ခွင့်​ပြုချက်ရရင် ​ပေး​ပါမယ်လို့​ တုံ့​ပြန်ခဲ့​ပါတယ်။ ​နောက်ဆုံး​မှာ​တော့​ ဗထူး​အား​ကစား​ကွင်း​ကို လာမယ့်​ရက်ပိုင်း​ကျရင် ကမ္ဘာ့​ဘောလုံး​အဖွဲ့​ချုပ်က လာ​ရောက်စစ်​ဆေး​မှာဖြစ်လို့​ ခွင့်​မပြုနိုင်​ကြောင်း​ အ​ကြောင်း​ပြန်ခဲ့​ပါတယ်။ ဗထူး​ကွင်း​ကို စီမံရတာဟာ ​မော်​တော်ယာဉ်​ကြော ပိတ်ဆို့​မှုမဖြစ်​အောင်၊​ ဒီပွဲကိုလာသူတိုင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ပရိသတ်​တွေ တိုး​ဝှေ့​ရာက ထိခိုက်ဒဏ်ရာရတာ မရှိရ​အောင် နဲ့​ လူတိုင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို မြင်​တွေ့​နိုင်​အောင် စီမံတာလို့​ ကွင်း​ရရှိ​ရေး​ လိုက်ပါ​ဆောင်ရွက်တဲ့​ မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ် သတင်း​ပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​မျိုး​နိုင်က ​ပြောပါတယ်။ မန္တ​လေး​တောင်​ခြေမှာရှိတဲ့​ မိုင်ဒါကွင်း​မှာ ခွင့်​ပြုချက် ​တောင်း​ခံရာမှာလည်း​ မရရှိခဲ့​သလို မန္တ​လေး​ရတနာပုံ ​ဘောလုံး​အသင်း​ရဲ့​ သင်တန်း​ကွင်း​ဖြစ်တဲ့​ သီရိမန္တလာ ကွင်း​မှာ ကျင်း​ပခွင့်​ကိုလည်း​ ငြင်း​ပယ်ခံရပါတယ်။ ည​နေ​လေး​နာရီခွဲခန့်​မှာ တကွင်း​မှ မ​သေချာ​တော့​တာ​ကြောင့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပွဲဖြစ်​မြောက်​ရေး​တာဝန်ရှိသူ​တွေ ၃၅လမ်း​မှာ ရှိတဲ့​ ရှမ်း​တိုင်း​ရင်း​သား​ သာ​ရေး​နာ​ရေး​အသင်း​တိုက်မှာပဲ ကျင်း​ပဖို့​ သုံး​နာရီကို ကျပ်ငါး​သိန်း​နှုန်း​နဲ့​ စ​ပေါ်​ပေး​ချေခဲ့​ပြီး​ ​ကော်မရှင်ကို တင်ပြရာမှာ ​ကော်မရှင်က ခွင့်​ပြုခဲ့​တယ်လို့​ ဆိုပါတယ်။ ဒါ​ပေမယ့်​ အဲဒီကွင်း​က ​သေး​တာ​ကြောင့်​ မကျင်း​ပ​တော့​ဘဲ ​ဒေါ်စုခရီး​စဉ်ကို ဆိုင်း​ငံ့​လိုက်တယ်လို့​ အဖွဲ့​ချုပ်အတွင်း​ရေး​မှူး​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “ပထမ​တော့​ ​ကော်မရှင်ရဲ့​ ခွင့်​ပြုချက်ရဖို့​က အဓိကဆို​တော့​ ​ကော်မရှင်က ​လေး​နာရီလည်း​ ခွဲခါနီး​ပြီဆို​တော့​ ကျ​နော်တို့​ ရဲ​ဘော်​တွေက ဥက္ကဋ္ဌကလည်း​ လာမယ့်​ခရီး​စဉ်ရှိ​နေ​တော့​ ဖြစ်တဲ့​နည်း​နဲ့​ လုပ်မယ်ဆိုပြီး​ တခြား​ကွင်း​ကို လုပ်လိုက်ကြတယ်။ ဒါ​ပေမယ့်​ တကယ့်​တကယ် ကွင်း​ကိုသွား​ကြည့်​တော့​ ကွင်း​က ​ဘောလုံး​ကွင်း​ တကွင်း​စာပဲရှိတယ်။ လူဦး​ရေက အလွန်ဆုံး​ အပြည့်​အကျပ် သွင်း​ရင်​တောင်မှ ၄၊​ ၅ ​သောင်း​လောက်ပဲ ဆန့်​မယ်။ မန္တ​လေး​ ပရိသတ်က သိန်း​နဲ့​ချီမှာ​လေ။ လူ​တွေ ပင်ပန်း​ဆင်း​ရဲ ဖြစ်မှာဆိုး​လို့​ အဲဒါ​ကြောင့်​ ဒီအ​ခြေအ​နေကို တင်ပြလိုက်တဲ့​အခါ ​ရွှေ့​ဆိုင်း​ဖို့​ဆိုတဲ့​ ဆုံး​ဖြတ်ချက် ထွက်လာတယ်။” ဒီဆိုင်း​ငံ့​လိုက်ရမှု​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကြိုဆိုကြမယ့်​ မန္တ​လေး​သား​တွေကို အား​နာတယ်လို့​ သူက ​ပြောပါတယ်။ “အခု လူငယ်​တွေကဆိုရင် ဆိုင်ကယ်အစီး​ ၁ ​သောင်း​တဲ့​။ ​လေဆိပ်က​နေ သွား​ကြိုမှာ။ အား​ခဲထား​ပြီး​တော့​ ​နေတဲ့​လူ​တွေရဲ့​ အသံကို တချို့​ကလည်း​ မြို့​နယ်အလိုက်လာပြီး​ ကြိုဆိုဖို့​ အစီအစဉ်​တွေ လုပ်​နေတာကို ​တွေ့​ရ​တော့​ အား​နာတာ​ပေါ့​။” ဒီ​ဘောလုံး​ကွင်း​တွေထဲမှာ လူများ​ရင် ​ဘောလုံး​ကွင်း​ ပျက်စီး​မှာ စိုး​ရိမ်ရ​ပေမယ့်​ အရင်ကလည်း​ စင်တင်​ဖျော်​ဖြေပွဲ​တွေ ကျင်း​ပခွင့်​ပြုခဲ့​ပါတယ်၊​ အခုသွား​ညှိရာမှာလည်း​ ကျပ်​ငွေ ရသိန်း​ ​ပေး​မယ်လို့​ ​ပြောထား​ပေမယ့်​ ခွင့်​ပြုချက်မရ ဖြစ်ခဲ့​တာပါ။ မန္တ​လေး​က ​ဘောလုံး​ကွင်း​တွေမှာ ကျင်း​ပခွင့်​မရ​ပေမယ့်​ ပုသိမ်မြို့​နယ်ကို အခုလ ၇ ရက်​နေ့​သွား​မယ့်​ ​ဒေါ်​အောင်ဆန်း​စုကြည် လူထု​တွေ့​ဆုံပွဲကို​တော့​ သက်ဆိုင်ရာက တိုင်း​ဘောလုံး​ကွင်း​ကို အသုံး​ပြုခွင့်​ပေး​ထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024