A d v e r t i s e m e n t With Us

သီချင်းဆိုပြိုင်ပွဲတွင် ထောင်ကျဖခင်အားတွေ့ခွင့်ရရေး တောင်းဆိုသည့် ထိုင်းမိန်းကလေးရုပ်သံ ရေပန်းစား

ထိုင်းနိုင်ငံ ဘန်ကောက်မှာ သီချင်းဆိုပြိုင်ပွဲဝင်ပြီး ထောင်ကျနေတဲ့ ဖခင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုတဲ့ မိန်းကလေးရုပ်သံ လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ အသက် ၁၂ နှစ်ရွယ် နောင့်ဘင်း ခေါ် ဖိမ်းဖစ်ချား နတ်ဆနစ် ဆိုတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂  ရက်နေ့က Workpoint TV ရဲ့ Super Ten ပြိုင်ပွဲအစီအစဉ်မှာ ၀င်ပြိုင်ခဲ့တာပါ။ သူဟာ “အလုပ်ကြမ်းသမမှ သမီးအတွက်အမှာစကား”  ဆိုတဲ့သီချင်းကို ချိုသာတဲ့အသံနဲ့ ခံစားချက်ပါပါ သီဆိုယှဉ်ပြိုင်ရာမှာ ပရိဿတ်တွေရော ဒိုင်လူကြီးတွေ မျက်ရည်ဝဲတဲ့ထိ အားပေးခဲ့ကြပါတယ်။ အဲဒီသီချင်းထဲမှာ  မုဆိုးမအလုပ်ကြမ်းသမားမိခင်တဦးမှ သားသမီးတွေကို ပန်းရံလုပ်ပြီး ပင်ပန်းဆင်းရဲစွာရှာကြွေးရပေမယ့် သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ ရည်မှန်းချက်ကြောင့် မောပန်းရမှန်းမသိဘဲ သားသမီးတွေကို စိတ်ဓာတ်မကျဖို့ ကြိုးစားဖို့ တိုက်တွန်းထားတာဖြစ်ပြီး သူ့ဘ၀နဲ့ တိုက်ဆိုင်နေလို့ ရွေးချယ်သီဆိုရတာလို့ နောင့်ဘင်းက ပြောပါတယ်။ သူ့ဖခင်ဟာ သူ့ကိုမမွေးခင် ကိုယ်ဝန် ၇ လကတည်းက မူးယစ်ဆေးဝါးသယ်ဆောင်မှုနဲ့ ထောင်ကျသွားကြောင်း၊ ဖခင်ကို ၄ နှစ်သမီးအရွယ်က တကြိမ်သာ မြင်ဖူးကြောင်း၊ ကျောင်းကကျင်းပတဲ့ ဖခင်များနေ့အခမ်းအနားမှာ  သူငယ်ချင်းတွေက သူတို့အဖေတွေကို ကန်တော့ပေမယ့် သူ့မှာ အဖေမရှိ  အမေလည်း အလုပ်လုပ်နေရလို့ မလာနိုင်တာကြောင့် မိဘကိုယ်စား ဆရာကိုပဲ ကန်တော့ခဲ့ရတယ်လို့ ဆိုပါတယ်။ မိခင်က ကြုံရာအလုပ်လုပ်ပြီး သူတို့မောင်နှမနှစ်ယောက်ကို ကျွေးမွေးခဲ့ကြောင်း၊  သူမက စိတ်ဓာတ်မကျဘဲ စာကြိုးစားသူမို့ အတန်းထဲမှာ အမြဲပထမရတယ်လို့ ဆိုပါတယ်။ သီချင်းပြိုင်ပွဲမှာ အနိုင်ရရင် အိမ်စာလုပ်ဖို့ လက်ထော့ပ်ကွန်ပျူတာတစ်လုံးနဲ့ ဖခင်ကို ထောင်ဝင်စာတွေ့ချင်တဲ့အကြောင်း တောင်းဆိုခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့ ပြိုင်ပွဲမှာ ဆုရွေးချယ်ရေးအဖွဲ့က သူမကို ကွန်ပျူတာတစ်လုံးနဲ့ ပညာ သင်ထောက်ပံ့ကြေး ဘတ် ၅ သောင်း ဆုချခဲ့ပေမယ့် နောက်တောင်းဆိုချက်တခုဖြစ်တဲ့ ဖခင်နဲ့ ထောင်ဝင်စာတွေ့ရရေးကိုတော့ လုပ်မပေးနိုင်ခဲ့ပါဘူး။ သီချင်းဆိုပြိုင်ပွဲကို တီဗွီက ထုတ်လွှင့်ပြီးတဲ့နောက် သူ့ဖခင်က သူတို့ဆီ စာတစောင် ပေးပို့လာပါတယ်။ စာထဲမှာ တီဗွီကြည့်ရစဉ် အစက သူ့သမီးကို မမှတ်မိကြောင်း၊ ကလေးက သူ့ဘ၀အကြောင်းပြောတဲ့ခါ သမီးမှန်းသိပြီး ငိုကြွေးခဲ့ရကြောင်း၊ သူ့အနေနဲ့ ထောင်ကျနေတဲ့ အဖေကို လာတွေ့ရင် သားသမီးတွေ သိမ်ငယ်ပြီး အရှက်ရမှာစိုးလို့ အဆက်အသွယ်မလုပ်ခဲ့ရတဲ့ အကြောင်း၊ ဒါပေမယ့်  တီဗွီထဲမှာ သမီးက ထောင်သားရဲ့ သမီးဖြစ်ရတာ မရှက်ပါဘူးလို့ ပြောလိုက်တာကြောင့် သားသမီးနဲ့တွေ့လိုကြောင်း ရေးသားထားပါတယ်။ ဒီအကြောင်းကိုသိရှိသွားတဲ့ ထိုင်းတရားရေးဌာနက မိသားစုတွေ ပြန်ဆုံရအောင် ပန်ခွမ်ထောင်မှူးကြီးဆီ ခွင့်တောင်းပေးပြီး မေလ ၂၀ ရက်နေ့က  ထောင်ထဲမှာပဲ မိသားစုတွေ့ဆုံပွဲ လုပ်ပေးခဲ့ပါတယ်။ နောင့်ဘင်းတို့ မောင်နှမ ၂ ယောက်က ဖခင်ရဲ့ ခြေအစုံကိုရှိခိုးကာ အဖေဟာ ဘယ်လိုအခြေအနေမှာပဲရှိနေနေ ရှက်တယ်ဆိုတာမရှိကြောင်း၊ အဖေဟာ ဘာဖြစ်ဖြစ် အဖေ့သမီးဖြစ်ရတာ ဂုဏ်ယူကြောင်း၊ အဖေကို သိပ်ချစ်သလို အဖေပြန်လွတ်မယ့်ရက်ကို မျှော်နေမယ်လို့ ပြောခဲ့ပါတယ်။ ဖခင်ဖြစ်သူကလည်း သူဟာ ငွေကိုဖြတ်လမ်းနဲ့ရှာပြီး လမ်းမှားလိုက်မိခဲ့တဲ့အပေါ် ခွင့်လွှတ်ဖို့၊ သားသမီးတွေကို မပြုစုမစောင့်ရှောက်နိုင်တဲ့ပေါ် ခွင့်လွှတ်ဖို့ တောင်းပန်ကာ လွတ်ငြိမ်းချမ်းသာခွင့်ရရေး ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေသွားမယ့်အကြောင်း သားသမီးတွေကိုရော ထောင်မှူးကြီးကိုပါ ကတိပေးခဲ့ပါတယ်။ နောင့်ဘင်းရဲ့ ဖခင်ဖြစ်သူဟာ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံထားရတာပါ။ လူမှုကွန်ရက်ပေါ်မှာတော့ အရွယ်နဲ့ မလိုက်အောင် သိတတ်တဲ့ နောင့်ဘင်းကို ချီးမွမ်းပြီး သူတို့မိသားစု ပြန်ဆုံအောင် ဆောင်ရွက်ပေးတဲ့ Workpoint တီဗွီကိုလည်း ကျေးဇူးတင်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up