၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အရန်ထီလက်မှတ်များ ရောင်းချတော့မည်မဟုတ်
DVB
·
May 21, 2017
၅ ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီဖွင့်ပွဲအတွက် ရောင်းချမယ့် ထီလက်မှတ်တွေမှာ လက်ရှိ ရောင်းချနေတဲ့ အရန် ထီလက်မှတ်များကို ရောင်းချတော့မှာ မဟုတ်ကြောင်း အခွန်ဦးစီးဌာနက ပြောပါတယ်။
အရန်ထီလက်မှတ်တွေကို ရောင်းချတော့မှာမဟုတ်ဘဲ ထီလက်မှတ်မှာ ဖွင့်လှစ်မယ့်အကြိမ်ရေနဲ့ ဖွင့်လှစ်မယ့် ရက်စွဲတို့ပါရှိတဲ့ ထီလက်မှတ်တွေကိုသာ ရောင်းချသွားမယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးက ပြောကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်စာမျက်နှာ ဖော်ပြထားပါတယ်။
'' ၅ ကြိမ်မြောက်ကစပြီးတော့ ထီလက်မှတ်တွေမှာ အကြိမ်ရေပါတဲ့၊ ရက်စွဲပါတဲ့၊ ထီလက်မှတ်တွေကိုပဲ ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ ၃ ကြိမ်မြောက်နဲ့ ၄ ကြိမ်မြောက်အထိ အရန်ထီလက်မှတ်တွေ မှာယူပြီး ဖြစ်တဲ့အတွက် နောက်လာမယ့် ၅ ကြိမ်မြောက်မှာတော့ အကြိမ်ရေနဲ့ ရက်စွဲပါတဲ့ ထီတွေကိုပဲ ရောင်းသွားမှာပါ'' လို့ အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။
အရန်ထီလက်မှတ်တွေမှာ အကြိမ်ရေနဲ့ ရက်စွဲမပါရှိလို့ ထီထိုးသူတွေနဲ့ ရောင်းချသူတွေအကြား စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိရလို့ လာမယ့် ၅ ကြိမ်မြောက်ထီမှာ အရန်ထီလက်မှတ်တွေကို မရောင်းချတော့တာလို့ ဆိုပါတယ်။