Home
ဆောင်းပါး
မောရတိုင်းက အလွမ်းပုံပြင်နဲ့ အမေတိုက်တဲ့ဆေးခါးခါး
DVB
·
May 19, 2017
ဒီရက်ပိုင်းအတွင်းမှာ မိမိအလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာ ဗာဟီရတွေ များနေတာမို့ စာရေးဖို့ အချိန်ရှားပါးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မြန်မာ့နိုင်ငံဇာတ်ခုံပေါ်က အနိမ့်အမြင့်၊ အတက်အကျ၊ အကောင်းအဆိုး ဖြစ်စဉ်တွေကိုတော့ မျက်ခြည်မပြတ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလေးထား ကြီးကြပ်တိုက်တွန်းနေတဲ့ ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အခြေအနေ၊ အရင်အစိုးရလက်ထက်က အာဏာပိုင်တချို့ရဲ့ တိုင်းပြည်ဘဏ္ဍာ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိချက် အခြေအနေ၊ နိုင်ငံတော်အတိုင်ပင်ခံရဲ့ နိုင်ငံခြားခရီးစဉ်အတွင်းမှာ အစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ လူမျိုးခြား၊ ဘာသာခြားကိစ္စကို အကြောင်းပြုလို့ ဥပဒေဘောင် ကျော်လွန်ပြီး ပြဿနာရှာ တစခန်းထလာမှု အခြေအနေ၊ ပြုပြင်ပြောင်းလဲရေးမှာ မလိုက်ပါလိုတဲ့ အရင် အာဏာရအသိုင်းအဝိုင်းထဲက အချို့သော အင်အားစုများရဲ့ ကန့်လန့်တိုက် ခြေထိုးမှုအခြေအနေတွေ၊ အန်အယ်လ်ဒီအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို မယုံကြည်တဲ့ ဒီမိုကရေစီ အင်အားစုတချို့ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လှုပ်ရှားမှုတွေ၊ အသွင်ကူးပြောင်းဆဲကာလမှာ အရင်အကျင့်ဟောင်းကို မပြင်ချင်သေးသူတွေက ရသလောက် ခိုးမြဲတိုင်းခိုး၊ ဇီးသီးဗန်းနှိုက်မြဲတမ်းနှိုက်ပြီး မှိန်းလိုက်နေတဲ့သူတွေရဲ့ အခြေအနေတွေကို ဖော်ညွှန်းနေတဲ့ ပုံပြင်လေးတပုဒ် ရေးချင်စိတ် ပေါ်လာရပါတယ်။ ပုံပြင်လေးရဲ့ ခေါင်းစဉ်ကိုတော့ "မောရတိုင်းက လွမ်းပုံပြင်နဲ့ အမေတိုက်တဲ့ဆေးခါးခါး" လို့ အမည်ပေးထားပါတယ်။ ဟိုးရှေးအတီအတေကတည်းက ဒီဘဒ္ဒကမ္ဘာ ဂြိုဟ်ပြာကြီးရဲ့ မဇ္ဈိမဒေသအနီး အရှေ့အရပ်က မောရတိုင်းမှာ မဟာမြစ်ကြီးတစင်းဟာ လှပစွာ စီးဆင်းနေသတဲ့။ မျှတတဲ့ ဥတုသုံးပါးရှိပြီး မြေဆီသြဇာကောင်းတဲ့ အဲ့ဒီမြစ်ကြီးရဲ့ ကမ်းပါးဘေးမှာ ခင်မင်ဖော်ရွှေတတ်ပြီး စိတ်ရင်းကောင်းရှိတဲ့ မိသားစုကြီးတစုဟာ စုပေါင်းနေထိုင်ကြသတဲ့။ အတိတ်ကုသိုလ်ကံကြောင့် စောစောပိုင်းမှာတော့ အဲ့ဒီမိသားစုဟာ ဘိုးဘွားအမွေအနှစ်တွေနဲ့ ချမ်းချမ်းသာသာ နေနိုင်ကြသတဲ့။ မိသားစုကြီးကို ရန်ပြုအနိုင်ကျင့်လာတဲ့ ဘယ်လို တစိမ်းတရံဆန်တွေကိုမဆို ညီညီညွတ်ညွတ် ရင်ဆိုင်ခုခံခဲ့ကြသတဲ့။ ဒါပေမယ့်လည်း ကံဆိုးမိုးမှောင်ကျပြီး အားလုံးက လေးစားချစ်ခင်ကြရတဲ့ အဲ့ဒီမိသားစုရဲ့ အကြီးအကဲ ဖခင်ကြီးဟာ ယုတ်မာပက်စက်တဲ့ မိသားစုဝင်တချို့ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်တဲ့။ အဲ့ဒီအချိန်ကစပြီး မိသားစုကြီးဟာ ဖရိုဖရဲ ကသောင်းကနင်းဖြစ်ပြီး ဗလအားကိုးနဲ့ အနိုင်ကျင့်တတ်ပြီး အကျင့်သီလမကောင်းတဲ့ မိသားစုဝင် အဖိုးကြီးတဦးရဲ့ လက်အောက်ကို ရောက်သွားခဲ့ရလို့ မိသားစုဝင်အများစုဟာ ဒူးနဲ့ မျက်ရည်သုတ်ရင်း ငရဲကျခံရတဲ့ ဘဝတွေကို ရင်ဆိုင်ခဲ့ရတော့သတဲ့။ မိသားစုရဲ့ ဘိုးဘွားပိုင်အမွေအနှစ်တွေကလည်း လောဘကြီးတဲ့ အဖိုးကြီးနဲ့ အသိဉာဏ်အားနည်းပြီး သူ့လို သီလချို့ယွင်းနေတဲ့ သူ့နောက်လိုက် မိသားစုဝင်တချို့က မဆင်မခြင် ရောင်းစားပစ်တာကြောင့် တဖြည်းဖြည်း ယုတ်လျော့လာသတဲ့။ ပြီးတော့ အဲ့ဒီ စိတ်ကောင်းမရှိတဲ့ အဖိုးအိုနဲ့ အပေါင်းအပါတွေဟာ မိသားစုဝင်တွေ ချစ်ခင်လေးစားခြင်း ခံရပေမယ့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အကြီးအကဲ ဖခင်ကြီးရဲ့ ဇနီးနဲ့ သမီးလေးကို ဥပါယ်တံမျဉ်နဲ့ တခြားအရပ်ကို ပို့ပစ်ခဲ့သတဲ့။ စိတ်ကောင်းမရှိတဲ့ အဖိုးအိုဟာ သူ့စကားနာခံမယ့် မိသားစုဝင်တွေကို အခွင့်အာဏာတွေပေးပြီး သူတို့ မဟုတ်မဟတ် လုပ်ကိုင်တာကို လက်မခံတဲ့ မိသားစုဝင်တွေကို ဗလအားကိုး၊ အာဏာအားကိုးနဲ့ ရိုက်နှက်ကန်ကျောက် နှိပ်စက်သတ်ဖြတ်ပြီး မလှန်ရဲအောင် နှစ်ပေါင်းများစွာ ရက်စက်ခဲ့ကြသတဲ့။ အားနည်းတဲ့မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှများစွာကလည်း မခံမရပ်နိုင်တော့ ရရာ တုတ်ဆွဲ၊ ဓားဆွဲနဲ့ ခုခံခဲ့ကြသတဲ့။ ဒါကို အဖိုးကြီးနဲ့ သားဆိုး လူမိုက်တွေကလည်း မိသားစုအရေး ကာကွယ်ကြလို့ ကျယ်ကျယ်လောင်လောင် ကြွေးကြော်ပြီး သတ်ကြဖြတ်ကြပြန်သတဲ့။ အဲ့ဒီလိုနဲ့ မိသားစုပဋိပက္ခကြီးဟာ နှစ်ပေါင်း ၇၀ ကျော်ဖြစ်ခဲ့ပြီး မငြိမ်းချမ်းခဲ့တော့ မိသားစု စီးပွားရေးကလည်း ချွတ်ခြုံကျသထက်ကျလာ၊ စာရိတ္တတွေလည်း ပျက်သထက်ပျက်လာခဲ့သတဲ့။ တချိန်တည်းမှာပဲ ရေခြားမြေခြားကို ရောက်သွားရရှာတဲ့ မိသားစုခေါင်းဆောင် အကြီးအကဲကြီးရဲ့သမီးဟာ ဥယျဉ်မှူးကောင်း မိခင်မုဆိုးမကြီးရဲ့ ကောင်းမွန်စွာ စောင့်ရှောက်မှုအောက်မှာ မွန်မြတ်သန့်စင်စွာ ပွင့်လာတဲ့ ပန်းကောင်းတပွင့်လို အကျင့်သီလ၊ အသိဉာဏ်ပညာနဲ့ မြင့်မားပြည့်စုံတဲ့ အမျိုးကောင်းသမီး အင်္ဂါရပ်တွေနဲ့ ကြီးပြင်းလာခဲ့သတဲ့။ တစတစနဲ့ အဲ့ဒီမိသားစုကြီးမှာ မိသားစုဝင် အများအပြားက အကျင့်သီလတွေ ပျက်ပြားလာတော့ အစာရေစာတွေ ရှားပါး၊ မေတ္တာတရားတွေ ခေါင်းပါးလို့ သတ္တန္တရကပ်၊ ရောဂန္တရကပ်၊ ဒုဗ္ဘိကန္တရကပ်တွေ ဆိုက်လာပြီး ကျိန်စာသင့်ခဲ့တော့သတဲ့။ ကောဿလအိပ်မက်ထဲကလိုပဲ လူကောင်းသူကောင်းတွေ နောက်တန်းရောက်ပြီး လူဆိုးလူမိုက်တွေ နေရာရ တွင်ကျယ်ရမ်းကားခဲ့တာ အမြင့်ဆုံးရေချိန်ကို  ရောက်ခဲ့ချိန်မှာတော့ မိသားစုဝင် အများစုဟာ မခံမရပ်နိုင်တဲ့အဆုံး စိတ်ကောင်းမရှိတဲ့ အဖိုးအိုနဲ့ အပေါင်းအပါတွေကို ပုန်ကန်ခြားနားခဲ့ကြသတဲ့။ အဲ့ဒီအချိန်မှာ မကျန်းမမာဖြစ်နေတဲ့ မိခင်မုဆိုးမကြီးကို ပြုစုစောင့်ရှောက်ဖို့ မိသားစုအိမ်ကို ခေတ္တခဏ  ပြန်ရောက်နေတဲ့ အမျိုးကောင်းသမီးလေးဟာ  မိသားစုဝင်တွေရဲ့ ဒုက္ခဆင်းရဲတွေကို မျက်ဝါးထင်ထင် မြင်ရတာကတကြောင်း၊ မိသားစုဝင်အများစုက မျှော်လင့်တောင်းတ အားကိုးနေကြတာကြောင့် မိသားစုကြီးရဲ့သေရေးရှင်ရေးကိစ္စကြီးထဲမှာ ပါဝင်ဖြေရှင်းပေးဖို့ ဆုံးဖြတ်ခဲ့သတဲ့။ တမိသားစုလုံးနီးပါး ပါဝင်ခဲ့ကြတဲ့ အဲ့ဒီပုန်ကန်မှုကြီးကို ရက်စက်တဲ့အဖိုးအိုနဲ့ သားဆိုးတစုက ဗလအားကိုးနဲ့ သတ်ဖြတ်နှိမ်နင်းခဲ့တာကြောင့် မိသားစုဝင်တွေ အများအပြား သွေးချောင်းစီးလို့ သေပွဲဝင်ခဲ့ကြရသတဲ့။ အကျင့်သီလမကောင်းတဲ့ အဖိုးအိုဟာ ခေါင်းဆောင်အပြောင်းအလဲ လိုချင်စိတ် ပြင်းပြနေကြတဲ့ မိသားစုဝင်တွေကို ချွေးသိပ်ဖို့ အများအုပ်ချုပ်တဲ့စနစ် ပေးမယ်ဆိုတဲ့ ကတိတခု လွယ်လွယ်ပေးပြီး ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်လို့ သူ့နောက်လိုက်သားဆိုးတသိုက်ကို ဆက်ပြီး မိသားစုကို ဗိုလ်ကျချယ်လှယ်စေခဲ့သတဲ့။ သိပ်မကြာခင်မှာပဲ သူပြုတဲ့ကုသိုလ်ကံတွေရဲ့ အကျိုးပေး အချိန်ကျလာတော့ အကျင့်မကောင်းတဲ့ အဖိုးအိုဟာ သူမွေးတဲ့မျောက်တွေက သူ့ပြန်ခြောက်တာ ခံခဲ့ရသတဲ့။  ခေါင်းဆောင်နေရာက ဖယ်ရှားခံရရုံသာမက သူသေဆုံးတဲ့အထိ ချုပ်နှောင်ခံရပြီး လူမသိ သူမသိ သေဆုံးသွားခဲ့ရောသတဲ့ကွယ်။ နောက်တက်တဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုရိုးစကားလိုပါပဲ၊ မိသားစုဝင်တွေ အလိုမတူဘဲ အကြောက်တရားကိုဖန်တီးပြီး အိမ်ထောင်စုကို ချယ်လှယ်ခဲ့ကြသတဲ့။ သူတို့အလိုမလိုက်ဘဲ သူတို့ကို ဆန့်ကျင်တဲ့ တခြားညီအစ်ကိုမောင်နှမတွေကိုလည်း ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာမို့ သူတို့ကို မိသားစုဝင် အများစုက မုန်းတီးရွံရှာကြသတဲ့။ အဲ့ဒီ ဗလအားကိုး သားဆိုးသားမိုက်တစုဟာ ပြန်ရောက်လာတဲ့ အိမ်ထောင်စု အကြီးအကဲ ဖခင်ကြီးရဲ့ သမီးဖြစ်တဲ့ အားနည်းတဲ့ မိသားစုဝင်တွေဘက်က ရပ်တည်ခဲ့တဲ့ အမျိုးကောင်းသမီးကြီးကို သူတို့အခွင့်အရေးတွေကို ဖျက်ဆီးမယ့် ရန်သူတော်လို့ လွဲမှားစွာမှတ်ယူပြီး အငြိုးတကြီးနဲ့ ရန်ရှာအပြစ်ဖွဲ့ရုံမက မခိုင်လုံတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခဲ့ကြတယ်တဲ့ကွယ်။ တခြား မသိနားမလည်တဲ့ မိသားစုဝင်တွေက အထင်မှားအောင် နည်းမျိုးစုံနဲ့ အပုပ်ချ သတင်းဖြန့်ချိခဲ့ကြရုံမက ညစ်ညမ်းစွာ နေ့စဉ် ဆဲရေးခဲ့ကြသတဲ့။ အမျိုးကောင်းသမီးကြီးကိုလည်း သူ့ဖခင်ကြီးရဲ့ မိသားစုဝင်တွေဘက်က ရပ်တည်ခဲ့ရင် သူမရဲ့ သား ၂ ဦး အပါအဝင် သူမရဲ့မိသားစုနဲ့ အတူနေလို့မရအောင် အကျပ်ကိုင်ခဲ့ကြသတဲ့။ နောက်ဆုံး အမျိုးကောင်းသမီးကြီးရဲ့ ရေခြားမြေခြားက ခင်ပွန်းသည် ရောဂါသည်း အိပ်ရာထဲလဲပြီး သေဆုံးခါနီးတာတောင် အကျပ်ကိုင်ခဲ့ကြပေမယ့် အမျိုးကောင်းသမီးကြီးက သူ့ဖခင်ကြီးရဲ့ မိသားစုဝင်တွေကို မစွန့်လွှတ်ခဲ့ဘူးတဲ့။ ဗလအားကိုး သားဆိုးတွေဟာ သူမခင်ပွန်းသည်ကို မကွယ်လွန်ခင် နောက်ဆုံးခရီးမှာ သူမနဲ့ တွေ့ခွင့်ရမသွားရှာအောင် ရက်စက်ခဲ့ကြသတဲ့။ ဒါကိုတောင် သူမက ခွင့်လွှတ်ရုံမက အဲ့ဒီသားဆိုးတွေကို ကယ်တင်ဖို့ အားထုတ်ခဲ့သေးသတဲ့ကွယ်။ အဲ့ဒီလို အားနည်းသူတွေနဲ့ အမှန်တရားဘက်က မယိမ်းမယိုင် မားမားမတ်မတ် ရပ်တည်စောင့်ရှောက်ခဲ့တာမို့ မိသားစုဝင်တွေက အမျိုးကောင်းသမီးကြီးကို အိမ်ထောင်စုရဲ့ မိခင်ကြီးသဖွယ် ပိုလို့တိုးပြီး အားကိုးယုံကြည်လာကြသတဲ့။ အိမ်နီးချင်းတွေကလည်း စာနာသနားပြီး အကူအညီတွေ ပေးကြတော့သတဲ့။ မိုက်မဲတဲ့ ဗလအားကိုး သားဆိုးတသိုက်ကိုလည်း ပြစ်တင်ရှုတ်ချကြ၊ ဝိုင်းကြဉ်ကြတော့သတဲ့။ စွန့်လွှတ်အနစ်နာခံရဲတဲ့ အမျိုးကောင်းသမီးကြီးရဲ့ သတင်းကောင်းကတော့ တနေ့တခြား အပြည်ပြည် အထောင်ထောင်က မင်းတွေအကြား တိုင်းနိုင်ငံအသီးသီးမှာ မွှေးပျံ့ကျော်ဇော လာခဲ့တော့သတဲ့ကွယ်။ နောက်ဆုံးအဆင့်အနေနဲ့ သားဆိုးသားမိုက်တစုဟာ အမျိုးကောင်းသမီးကြီးကို ဘယ်လိုမှ နှင်မရတဲ့အဆုံး ကြံရာမရဖြစ်ပြီး သူမအသက်ကိုတောင် လုပ်ကြံဖို့ ကြိုးစားခဲ့ကြသတဲ့။ ကံကောင်းထောက်မတာရယ် အသေခံကာကွယ်ကြတဲ့ မိသားစုဝင်တချို့ကြောင့် အမျိုးကောင်းသမီးကြီးဟာ အသက်ဘေးက လွတ်မြောက်ခဲ့တယ်တဲ့။ ဗလအားကိုး သားဆိုးသားမိုက်တွေနဲ့ နောက်လိုက်နောက်ပါတွေဟာ မိသားစုဝင်တွေရဲ့ဆန္ဒကို ဖြည့်ဆည်းပါ့မယ်လို့ သူတို့ကိုယ်တိုင် ပေးခဲ့တဲ့ကတိကို ချိုးဖောက်ရုံတင်မက မိသားစုကြီးပိုင် ဘိုးဘွားအမွေအနှစ်တွေကို စိတ်တိုင်းကျ ခွဲဝေယူငင် သုံးဖြုန်းခဲ့ကြသတဲ့။ သူတို့စကားနာခံမယ့် မိသားစုဝင်တချို့ကိုလည်း အခွင့်အရေး၊ အာဏာတွေနဲ့မျှားပြီး ဖျက်ဆီးခဲ့ကြတာကြောင့် မိသားစုကြီးအတွင်းမှာ မတရားမှုတွေ ဗွက်ထလာခဲ့သတဲ့။ ပြီးတော့ အဲ့ဒီ သားဆိုးသားမိုက်တစုဟာ မိသားစုဝင်တွေကြားမှာ မညီမညွတ်ဖြစ်အောင်၊ ယုံကြည်မှုမရအောင် နည်းလမ်းပေါင်းစုံသုံးပြီး သွေးခွဲခဲ့ကြသေးသတဲ့။ နောက်ဆုံးတော့ မိသားစုဟာ ဆင်းရဲတွင်းနက်သထက်နက်၊ အခြေအနေတွေ အလွန်ဆိုးရွားလာတာကြောင့် သူတို့ချည်း ဆက်ဗိုလ်ကျ အနိုင်ကျင့်လို့ မရတော့တာသိပြီး သားဆိုးသားမိုက်တစုဟာ သူတို့ဆက်ပြီး ဟန်မပျက် ချုပ်ကိုင် အခွင့်ထူးခံခွင့်ရအောင် "ဗလကောင်းသူ အသတ်အပုတ်ကျွမ်းကျင်သူတွေသာ မိသားစုကို အုပ်ချုပ်ရေးဆိုတဲ့" ပြုပြင်လို့ အလွန်ခက်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းကို သူတို့စိတ်ကြိုက်ရေးဆွဲပြီး  မိသားစုဝင်တွေ သဘောတူသယောင် လှည့်ဖြားလို့ ဇွတ်အတည်ပြုခဲ့ကြသတဲ့။ ပြီးတာနဲ့ မိသားစုဝင်တွေ တောင့်တနေတဲ့ အမျိုးကောင်းသမီးကြီးကို မိသားစုအရေးကိစ္စတွေအပေါ် တစိတ်တပိုင်း အုပ်ချုပ်ခွင့်ပေးပြီး သူတို့ ဆက်အခွင့်ထူးခံခွင့်ရဖို့ အဓိကကျတဲ့ မိသားစုစီမံခန့်ခွဲရေးအာဏာ အားလုံးကိုတော့ ချုပ်ကိုင်ခဲ့ကြသတဲ့။ တကယ်တော့ အဲ့ဒီသားဆိုးသားမိုက်တစုဟာ မိသားစုဝင်တွေအပေါ် အထပ်ထပ်အခါခါ သူတို့ကျူးလွန်ခဲ့ကြတဲ့ မကောင်းမှုတွေအတွက် အပြစ်ဒဏ် ပြန်ခံရမှာ စိုးရွံ့နေကြတာတဲ့။ မိသားစုဝင်တွေရဲ့ ကောင်းကျိုးကိုသာ ရှေ့တန်းတင်လေ့ရှိတဲ့ မိခင်နဲ့တူတဲ့ အမျိုးကောင်းသမီးကြီးဟာ အဲ့ဒီသားဆိုးတသိုက် အကွက်ချထားတဲ့ အစီအမံကို လက်ခံခဲ့သတဲ့။ ဒါပေမယ့် တသက်တာလုံး သားဆိုးတသိုက်ရဲ့ ရက်ရက်စက်စက် အနိုင်ကျင့် ဗိုလ်ကျတဲ့ဒဏ်ကို ခံခဲ့ရပြီး အသက်သေဆုံး၊ ဘဝအညွှန့်တုံးခဲ့ရတဲ့ သူတွေထဲက မိသားစုဝင်တချို့ကတော့ သားဆိုးတသိုက်အပေါ် အာဃာတ မချေဖျက်နိုင်ရှာဘူးတဲ့။ သူတို့က ဗီဇစရိုက်မကောင်းတဲ့ သားဆိုးတွေ ပြန်ကောင်းလာမယ်လို့ ဘယ်လိုမှ မယုံကြည်ဘူးတဲ့။ အဲ့ဒီလို ကျိန်စာသင့်သလို အာဃာတ အမုန်းရောဂါ စွဲကပ်နေတဲ့ အခြေအနေမှာ မိသားစုရဲ့မိခင် အမျိုးကောင်းသမီးကြီးက မိသားစု ပြန်လည်သင့်မြတ်ရေးအတွက် ဗြဟ္မစိုရ်တရားကို အခြေခံတဲ့ ဆေးခါးခါးတဖုံဖော်ပြီး မိသားစုဝင်တွေအားလုံးကို သောက်စေခဲ့သတဲ့။ ဒါပေမယ့်လည်း အဲ့ဒီဆေးကို သားဆိုးသားမိုက်တွေထဲက တချို့နဲ့ ဒုက္ခခံစားခဲ့ရတဲ့ မိသားစုဝင်တချို့က ခါးသက်လွန်းလို့ မသောက်ချင်ကြဘူးတဲ့။ သူတို့ကြိုက်တဲ့ အစားအစာ အချို အဖျော်သကာတွေ တိုက်ရင် အမေ့ကိုချစ်တယ်ပြော ချွဲတတ်ပေမယ့် ဆေးခါးခါးတိုက်ရင်တော့ ခြေထောက်တွေနဲ့ ကန်ကျောက်အော်ဟစ်ဆဲဆို ငိုယိုတတ်တဲ့ မသိနားမလည်တဲ့ ကလေးငယ်တွေလိုပဲတဲ့ကွယ်။ ပုံပြင်လေးကို ဒီမှာရပ်နားခွင့်ပြုပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ တိုက်ဆိုင်နေရင် နိုင်ငံသားတိုင်း မိမိကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်အတွက် ကောင်းဖို့ ပြောင်းလဲရအောင်လို့ ပြောနေတာကို အခွင့်ထူးခံခွင့်မရမှာစိုးလို့ "မပြောင်းချင်ဘူး" "ဟင့်အင်း" လို့ တူးတူးခါးခါး ပြောနေတာ၊ ပေကပ်နေကြတာဟာ အသိဉာဏ် အရွယ်မရောက်သေးတဲ့၊ အကျင့်သီလကောင်းတွေ ကွယ်ပျောက်နေတဲ့ လူကြီးကလေးတွေရဲ့ အပြုအမူ လက်သုံးစကားပါပဲ။ အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့အရွယ် ကလေးငယ်တွေက ဟင့်အင်း ... ဟင့်အင်းလို့ ပြောရင်း ခြေဆင်းပြီး အသံကုန်ခြစ် ငိုကြွေးတာနဲ့ကြုံရရင် သူတို့ကို မရိုက်မနှက်ရဘဲနဲ့ မပြောင်းဘဲနေလို့မရအောင် အခြေအနေတွေ ဖန်တီးပြီး ပြောင်းလဲလာအောင် ဆောင်ရွက်တာဟာ နိုင်ငံရေးအနုပညာတရပ်လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သောက်ဖို့ မေတ္တာရပ်ခံပြီး တိုက်နေတဲ့ သင်ပုန်းချေရေး၊ အာဃာတဖျောက်ရေးဆိုတဲ့ ဆေးဟာ အလွန်ခါးတဲ့ဆေးပါ။ အလွန်မျိုချရခက်မှန်း သိပါတယ်။ ဒါပေမယ့် ဒီဆေးခါးခါးကြီးဟာ တိုင်းပြည်ကို ပြန်နာလံထလာစေဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးရဖို့ တိုင်းပြည်မှာ စွဲကပ်နေတဲ့ ကျိန်စာသင့် ရောဂါဝေဒနာဆိုးကြီးကို အမြစ်ပြတ်စေနိုင်ပါတယ်။ ဒီနည်းနဲ့သာ အောင်မြင်ခဲ့ရင် ကမ္ဘာမှာ ပထမဆုံး အကြမ်းဖက်အုပ်ချုပ်မှု အဆုံးသတ်ရေးနည်းလမ်း (soft power) တခုအနေနဲ့ ထွက်ပေါ်လာမှာပါ။ အများစုက လက်စားချေတာကို ပိုနှစ်သက်လေ့ရှိတယ်။ ချိုမြိန်တယ်လို့ ယူဆလေ့ရှိပါတယ်။ မဆုံးနိုင်တဲ့ အာဃာတ ဝဲဩဃထဲမှာ နစ်မွန်းရင်း ပြည်သူတွေ ပိုခံစားရပါလိမ့်မယ်။ စားပွဲဝိုင်းပေါ်ဝင်ထိုင်ပြီး ငြိမ်းချမ်းစွာ အဖြေရှာတတ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေးအလေ့အထကို မွေးမြူကြဖို့ လိုပါတယ်။ အားကြီးသူက အနိုင်ကျင့်စတမ်းဆိုတဲ့ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ တောရိုင်းဥပဒေသကို အပြီးတိုင်စွန့်လွှတ်ပြီး ရိုးရိုးသားသားနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖြေရှာကြပါလို့ အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။ (ညီငယ် ညီမငယ်တို့ကို ညအခါ ကောင်းနိုးရာရာ ပုံပြင်များပြောလျက် ချော့သိပ်တတ်သော နောင်တော်ကြီး ကိုငြိမ်းချမ်းအား ဤနေရာမှ ရိုသေလေးမြတ်စွာ ဦးခိုက်ကန်တော့ပါ၏။) မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024