၂၀၃၀ တွင် နိုင်ငံတဝန်း အဓိကလမ်းမကြီးများကို နိုင်လွန်ကတ္တရာခင်းမည်
နေဖြိုးဝင်း
·
May 19, 2017
လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ မြန်မာတနိုင်ငံလုံးရှိ အဓိကလမ်းမကြီးတွေကို နိုင်လွန်ကတ္တရာအဆင့်ဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။
မွန်ပြည်နယ်မဲဆန္ဒနယ်က ဒေါ်နွယ်နွယ်အောင် မေးတဲ့ မော်လမြိုင်၊ ကြာအင်းစံပြကျေးရွာ၊ ကျိုက္ခမီကားလမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ရုံးဝင်းအတွင်းရှိ ကျောက်မှုန့်နဲ့ ကတ္တရာချက်လုပ်တာကနေထွက်တဲ့ အခိုးအငွေ့တွေနဲ့ ကျောက်မှုန့်တွေကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ ရပ်တန့်ဖို့နဲ့ အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို ဖြေဆိုတာမှာပြောဆိုတာ ဖြစ်ပါတယ်။
“ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ပေါ့။ မြန်မာပြည်မှာရှိတဲ့ လမ်းတွေ အဆင့်မြင့်တဲ့အနေနဲ့ နိုင်လွန်ကတ္တရာလမ်းအဆင့် အကုန်ခင်းဖို့ ရည်မှန်းချက်လည်း ထားပြီး ဖြစ်ပါတယ်။ အကောင်အထည်ဖော်အောင်လည်း ဆက်တိုက်လည်း လုပ်နေပါတယ်။ ဆိုလိုတာကတော့ နိုင်လွန်ကတ္တရာခင်းတဲ့စက်တွေ ထပ်ပြီးတိုးချဲ့ပြီးတော့ တည်ဆောက်ရ မှာပေါ့နော်။ ခရိုင်တိုင်းမှာ စက်တွေထိုင်ဖို့ ကိစ္စတွေ ဆောင်ရွက်နေပါတယ်။ ဘတ်ဂျက်ကတော့ နှစ်စဉ် ဘတ်ဂျက်တွေမှာလည်း ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ရည်မှန်းချက်ကို အကောင်အထည်ဖော်အောင်လည်း လုပ်နေပြီဖြစ်သလို အခြေခံအဆောက်အအုံတွေ ဆောက်မယ်ဆိုရင် နိုင်ငံတကာ အကူအညီတွေလည်း လိုတယ်လို့ ဦးဝင်းခိုင်က မီဒီယာတွေကို ပြောပါတယ်။