ကော့သောင်းမြို့တွင် အန်အယ်လ်ဒီ နာယက ဦးတင်ဦးအတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
May 19, 2017
တနင်္သာရီတိုင်း ကော့သောင်းမြို့ ပြည်တော်အေး စေတီ ရင်ပြင်ပေါ်မှာ အန်အယ်လ်ဒီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက မေ ၁၈ ရက်နေ့ ညပိုင်းမှာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
စေတီတော်ကို လက်ယာရစ် သုံးပတ် ပတ်ပြီး ဘုရားမှာ ပန်းအမွှေးတိုင်တွေနဲ့ ပူဇော်ကာ ဆီးမီးသက်စေ့ ပူဇော်မေတ္တာပို့ပြီး အဘ ဦးတင်ဦး ကျန်မာပါစေလို့ သုံးကြိမ်ရွတ်ဆိုခဲ့ကြပါတယ်။
ကော့သောင်းမြို့နယ် အန်အယ်လ်ဒီ ပြန်ကြားရေးတာဝန်ခံ ဦးစိန်နိုင်က “ဘဘ ဦးတင်ဦး ကျန်းမာရေး အမြန်ဆုံးသက်သာလာစေဖို့ ဘုရားမှာ ကျနော်တို့ ဝတ်ပြုဆုတောင်းတာ” လို့ ပြောပါတယ်။
ဆုတောင်းပွဲကို တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်နဲ့ ကော့သောင်းအဖွဲ့ချုပ်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးဟာ မေ ၁၇ ရက်ည ၁၁ နာရီကျော်လောက်က သူ့ရဲ့ နေအိမ် ရေချိုးခန်းမှာ ချော်လဲထိခိုက်ဒဏ်ရာရရှိ သတိလစ်သွားခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံနေရပါတယ်။
သတင်း၊ဓာတ်ပုံ - လတ်ကိုကိုဦး