အမြန်လမ်းမကြီးပေါ် တရက်တည်း ယာဉ်တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်၊ ၁ ဦးသေ ၁၇ ဦး ဒဏ်ရာရ
DVB
·
May 18, 2017
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘုရားတောင် ရဲစခန်းအပိုင်မှာ မေ ၁၇ ရက်နေ့ ဘုရားဖူးယာဉ်နဲ့ အိမ်စီးယာဉ် ၂ စီး တိမ်းမှောက်ရာမှ ၁ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ပြောပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉/၁ နဲ့ ၂၂၉/၂ ကြားမှာ မေ ၁၇ ရက် ညနေ ၆ နာရီခွဲက မန္တလေးဘက်မှ နေပြည်တော်ဘက်ကို ပဲခူးမြို့၊ မြို့သစ်ရပ်ကွက်နေသူ ယာဉ်မောင်း ဟိန်းမင်းလတ် မောင်းနှင်လာတဲ့ Light Truck အဖြုရောင်ယာဉ်ဟာ ခရီးသည် ကျား၊ မ ၂၀ ဦး တင်ဆောင်မောင်းနှင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၉ အနီးရောက်မှာ ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ မြေသားလမ်းပေါ်ကို တိမ်းမှောက်သွားခဲ့တာပါ။ ယာဉ်ပေါ် လိုက်ပါစီးနင်းလာသူတွေအနက် အမျိုးသား ၁ ဦးမှာ ဆေးရုံတင်ပို့စဉ် သေဆုံးသွားခဲ့ပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံးက သိရပါတယ်။
မေ ၁၇ နေ့ည ၁၀ နာရီခွဲလောက်ကလည်း ဖြူးအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၀၈/၀ အနီးမှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို ယာဉ်မောင်း မင်းသူ မောင်းနှင်လာတဲ့ CANTER အဖြူရောင်ယာဉ်ဟာ မိုးရွာသွန်းလို့ စလစ်ဖြစ်ပြီး လမ်းလယ်ကျွန်းပေါ်ရှိ သစ်ပင်တွေကို တိုက်မိခဲ့ပြီး တဖက်ယာဉ်ကြောပေါ်ကို ရောက်ရှိခဲ့ရာ ယာဉ်ပေါ် လိုက်ပါစီးနင်းလာသူ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ဖြူးအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ယာဉ်မှောက်မှုတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူ ဟိန်းမင်းလတ်ကို ဘုရားတောင် အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄ -က/ ၃၃၈/ ၃၃၇ နဲ့ အမှုဖွင့်လှစ် အရေးယူထားပါတယ်။
ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှာလည်း ယာဉ်မောင်း မင်းသူကို ယာဉ်(ပ)၁၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ /၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့