လွိုင်လင်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၁၂၇၈၀ ဖိုး ဖမ်းမိ
DVB
·
May 18, 2017
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ မေလ ၁၅ ရက်နေ့ ညနေပိုင်းက ပန်းရောင် စိတ်ကြွဆေးပြားတွေနဲ့ အိုက်စ်လို့ ယူဆရတဲ့ အဖြူရောင်ပုံဆောင်ခဲတွေ ကာလတန်ဖိုး ကျပ်သိန်း ၁၂၇၈၀ ဖိုးခန့် ဖမ်းဆီးရမိတယ်လို့ လွိုင်လင်ခရိုင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။
လွိုင်လင်-နမ့်စန်သွား ကားလမ်းက ပန်ခေါက်ဝိုးကျေးရွာ ဘုန်းကြီးကျောင်းရှေ့မှာ ဟိုင်းလပ် ကားတစီးပေါ်ကနေ ရှာဖွေဖမ်းဆီးရမိတာပါ။
ကားရဲ့အနောက်ဘက် ကြမ်းခင်း နှစ်ထပ်အံဝှက်ထဲမှာ သယ်ဆောင်လာတဲ့ စိတ်ကြွဆေး ၂၇၈,၀၀၀ ပြားနဲ့ ပုံဆောင်ခဲက ကီလို ၄၀ ခန့် ဖြစ်ပါတယ်။
လွိုင်လင်မြို့မရဲစခန်းက ယာဉ်မောင်း ထန်ရှောက်ရှန်း(ခ)ကျော်ဝေကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ မူး/စိတ်ပုဒ်မ- ၁၅/၁၉(က)/ ၂၀(က)/၂၁ နဲ့ အမှုဖွင့် ထားပါတယ်။
သတင်း - သန်းစိုးအောင်