ပြည်သူ့နီတိနှင့် ဒီမိုကရေစီကို စာသင်ကျောင်းများ၌ သင်ကြားရန် လွှတ်တော်တွင် အဆိုတင်
နေဖြိုးဝင်း
·
May 18, 2017
ပြည်သူ့နီတိ၊ ဒီမိုကရေစီနဲ့ မျိုးဆက်ပွားကျန်းမာရေးတို့ကို ပညာရေးကောလိပ်၊ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းသင်ရိုးတွေမှာ ဘာသာရပ်အနေနဲ့ သင်ကြားဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် ၁၇ ချက်ထဲက တခုဖြစ်တဲ့ အရည်အသွေး အဆင့်အတန်းရှိတဲ့ ပညာရေးဖြစ်ဖို့အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်း အထွေထွေ ဘာသာရပ်ခန်းမှာ မျိုးဆက်ပွားကျန်းမာရေး၊ ပြည်သူ့နီတိနဲ့ ဒီမိုကရေစီတို့ကို ဘာသာရပ်အနေနဲ့ သင်ကြားပေးရုံမက လက်ခံကျင့်သုံးဖို့ စီမံဆောင်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆို ဖြစ်ပါတယ်။
အဆိုရှင်ပဲခူးတိုင်းကလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်တင်ဝင်းက “ဒီအချက် ၃ ချက်ကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း အထွေထွေ ဘာသာရပ်မှာ ထည့်သွင်းရေးဆွဲပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ပညာရေးကောလိပ်နဲ့ တက္ကသိုလ်တွေမှာ သေချာနားလည်ပြီး အမှန်တကယ် ကျင့်သုံးတတ်အောင် သင်ကြားပေးစေလိုပါတယ်” လို့ပြောပါတယ်။
ဒီအဆိုကို ကန့်ကွက်သူ မရှိတဲ့အတွက် လက်ခံဆွေးနွေးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။