ထိုင်းရောက်မြန်မာကလေးများ အခြေခံပညာသင်ယူခွင့် လျှောက်ထားနိုင်ပြီ
DVB
·
May 18, 2017
နိုင်ငံခြားရောက် မြန်မာကလေးတွေအနေနဲ့ အခြေခံပညာသင်ယူခြင်း အစီစဉ် တက်ရောက်လိုသူတွေအနေနဲ့ သင်တန်းဝင်ခွင့် လျှောက်ထားနိုင်ပြီလို့ ချင်းမိုင်- မြန်မာကောင်စစ်ဝန်ရုံးက ကြေညာပါတယ်။
သူငယ်တန်း တက်ရောက်သင်ယူခွင့် လျှောက်ထားသူအနေနဲ့ အခုနှစ်မေလ ၃၁ ရက်နေ့မှာ လျှောက်ထားနိုင်ပြီး အသက် ၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် အသက်အထောက်အထားအဖြစ် မွေးစာရင်းမိတ္တူ သိုမဟုတ် ပုံစံ (က) ပါဝင်ရမယ်လို့ ပါရှိပါတယ်။
တခြားအတန်းတွေအတွက်လည်း ၂၀၁၆-၁၇ ပညာသင်နှစ် အမြင့်ဆုံးအောင်ခဲ့တဲ့ အတန်း အထောက်အထားအဖြစ် အောင်လက်မှတ် (သို့မဟုတ်) ကျောင်းထွက်လက်မှတ် တင်ပြရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ကျောင်းဝင်ခွင့်လျှောက်ထားသူဟာ ထိုင်းနိုင်ငံမှာ အမှန်တကယ်နေထိုင်ကြောင်း အထောက်အထား၊ မိဘနှစ်ဦးလုံး သို့မဟုတ် တဦးဟာ ထိုင်နိုင်ငံမှာ တရားဝင်နေထိုင်ကြောင်း သက်တမ်းရှိ သာမန် မြန်မာနိုင်ငံကူးလက်မှတ် ဗီဇာနဲ့ (work permit) ကိုင်ဆောင်ထားသူ ဖြစ်ရမှာဖြစ်ပါတယ်။
လျှောက်ထားလိုသူအနေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးမှာ လျှောက်လွှာပုံစံရယူပြီး ကောင်စစ်ဝန်ချုပ်ရုံး ချင်မိုင်မြို့ကို မေ ၃၁ ရက်နေ့ နောက်ဆုံးထား ကိုယ်တိုင် လာရောက်ပေးပို့ရမှာ ဖြစ်ပါတယ်။
ပညာရည်တိုးတက်မှု မှတ်တမ်းနဲ့ လအလိုက် ကျောင်းလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်မှု အကဲဖြစ်မှတ်တမ်း မူရင်းတွေ တင်ပြရမှာဖြစ်ပြီး သင်တန်းဝင်ခွင့်ရတဲ့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် နောက်ဆုံးစာမေးပွဲတွေ ၀င်ရောက်ဖြေဆိုအောင်မြင်မှု ရှိမှသာ အောင်စာရင်းကို ထုတ်ပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
ဓာတ်ပုံ-ဘန်ကောက်ပို့စ်