Home
မြန်မာသတင်း
The Voice အယ်ဒီတာချုပ်နှင့်စာရေးဆရာကို တပ်မတော်က ပုဒ်မ ၆၆(ဃ)ဖြင့်တရားစွဲ
နော်နိုရင်း
·
May 17, 2017
The Voice Daily သတင်းစာ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်က ဆက်သွယ်ရေးပုဒ်မ  ၆၆(ဃ)နဲ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တရားစွဲလိုက်ပါတယ်။ တရားစွဲဆိုကြောင်းစာကို ဒီကနေ့ ရရှိကြောင်း ဦးကျော်မင်းဆွေက “၆၆ (ဃ) နဲ့ တိုင်ချက်ဖွင့်တာတော့ မှန်တယ်။ ဒီနေ့ စာလာပို့တယ်။ ”လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ မနက်ဖြန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံပြီးမှ ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ကို ပြန်လည်ပြောဆိုမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice Daily သတင်းစာမှာ စာရေးဆရာ  ဗြိတိသျှကိုကိုမောင်က ပြည်ထောင်စုသစ္စာ ဇာတ်ကားကို သရော်စာအဖြစ် ရေးသားဖော်ပြခဲ့ပါတယ်။ ဒီသရော်စာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး ထွန်းထွန်းဦးက ဒီကိစ္စ ပြန်လည်ဖြေရှင်းပေးဖို့  စာနယ်ဇင်းကောင်စီထံ တိုင်ကြားခဲ့ပါတယ်။ The Voice daily သတင်းစာဘက်ကတော့ ငြိမ်းချမ်းရေးကို ရှေးရှုသောဆန္ဒဖြင့် စာဖတ်သူရော၊ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကိုပါ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ခံစားစေဖို့ စိတ်ကူးတန်ဆာဆင်ထားသည့် ရယ်ရွှင်ဖွယ်ဟာသရသ အထူးပြု သရောစာအမျိုးအစားသာ ဖြစ်ကြောင်း ပြန်လည်ဖော်ပြခဲ့ပါတယ်။ “ယင်းသရော်စာသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆဖွယ်ရာ သဘော သက်ရောက်သွားပါက The Voice Daily  အနေနှင့် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း လေးနက်စွာ အသိပေးဖော်ပြအပ်ပါသည်” လို့ ပြန်လည်ဖော်ပြခဲ့ပါတယ်။ 'ပြည်ထောင်စုသစ္စာ'ဇာတ်ကားဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က တပ်မတော်နေ့ အထိမ်းအမှတ် အနေနဲ့ တပ်မတော်က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းဖြစ်ပြီး နာမည်ကြီး အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီဝေဠုကျော်၊ နေမင်း၊ အကယ်ဒမီစိုးမြတ်သူဇာ အစရှိတဲ့ မင်းသား၊ မင်းသမီးကြီး အပါအ၀င် သရုပ်ဆောင်အများအပြား ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီစာကို စာရေးဆရာက ‘ကျည်ထောင်စုသစ္စာ’ ဆိုပြီး သရော်ဆောင်းပါး ရေးသားပြီး The Voice Daily မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024