Home
ရုပျသံ
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ဘာတွေမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
May 17, 2017
ဒီတပတ်တင်ဆက်မယ့် အကြောင်းအရာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပ ၃ နိုင်ငံခရီးစဉ်ကို သွားပါတယ်။ အီတလီ၊ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘရပ်ဆဲလ်နဲ့ အင်္ဂလန်နိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့အတူ မြန်မာပြည် ရခိုင်ဒေသမြောက်ပိုင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းရေး အချက်အလက်ရှာဖွေရေး ကော်မရှင် ဖွဲ့စည်းဖို့နဲ့ ပတ်သက်လို့ အငြင်းပွားမှု ဖြစ်နေပါတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေကတော့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ကိုအောင်မျိုးမင်းတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အဲဒီတော့ ဆရာရန်မျိုးသိမ်းကို အရင်မေးပါရစေ။ ဒေါ်စုရဲ့ အီးယူခရီးစဉ်ကနေ ကျနော်တို့ ဘာတွေမျှော်လင့်လို့ရလဲ။ လက်တွေ့ကျကျ မြန်မာပြည်အတွက် ဘာတွေများ အကျိုးရှိလာနိုင်လဲ။ အဲဒါလေး ပထမဆုံး စဆွေးနွေးပေးပါခင်ဗျ။” ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပသမဂ္ဂခရီးစဉ်ဟာ ကျနော့်အမြင်အားဖြင့်တော့ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲအတွက် အရေးပါတဲ့ ခရီးစဉ်တခုလို့ မြင်ပါတယ်။ ဥရောပသမဂ္ဂဟာ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရော ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာရော၊ တရားဥပဒေစိုးမိုးရေးအပိုင်း၊ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအပိုင်း၊ ဒီအပိုင်းတွေမှာ အင်တိုက်အားတိုက်နဲ့ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းကြီး ဖြစ်တဲ့အတွက် ဒီအဖွဲ့အစည်းကြီးနဲ့ ကျနော်တို့နိုင်ငံရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီး ဆွေးနွေးစကားပြောတဲ့ အနေအထားဟာ ကျနော်တို့တိုင်းပြည် အပြောင်းအလဲအတွက် အင်မတန်မှ အရေးကြီးတဲ့ ဖြစ်စဉ်တခုလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဟုတ်ကဲ့ခင်ဗျာ၊ ဆရာရန်မျိုးသိမ်းကတော့ ဥရောပသမဂ္ဂသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးမှာ ၂၀၁၂ လောက်ကတည်းကစပြီးတော့ ငြိမ်းချမ်းရေးခရီးစဉ်တွေ၊ ရဲတွေကို capacity မြှင့်တင်တဲ့ ကိစ္စတွေမှာပေါ့နော်။ အဲဒီမှာ တစိုက်မတ်မတ်ပါခဲ့တယ်။ Technical Assistant တွေလည်း ပါခဲ့တယ်။ အဲဒီအတွက်တော့ အရေးပါတယ်ပေါ့။ နောက်တခုက ဘရပ်ဆဲလ်မှာဆိုရင် အများမျှော်လင့်ထားပြီးတဲ့အတိုင်းပဲ ရခိုင်ကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေ မေးလာတယ်။ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ဥရောပသမဂ္ဂရဲ့ ဆက်ဆံရေး ဘာတွေဖြစ်လာနိုင်လဲ။ ဘာတွေဟာ ဘယ်လို ကျော်လွှားနိုင်လဲဆိုတာ ဆရာအောင်မျိုးမင်းအနေနဲ့ ဖြည့်စွက် ဆွေးနွေးပေးပါဦးခင်ဗျ။” ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ ညီမျှခြင်းမြန်မာ) “အီးယူက မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနဲ့ ကဏ္ဍပေါင်းစုံမှာ အရေးကြီးသလို၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂအပိုင်းမှာ တကယ့်ကို သူတို့ ကမကထလုပ်ခဲ့တဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေ ကြည့်ပါ။ အီးယူကနေ အမြဲတမ်း ကမကထလုပ်ခဲ့တယ်။ ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ မြန်မာနိုင်ငံကို ထုတ်ပြန်တဲ့အချက် ဒီဆုံးဖြတ်ချက်တွေထဲမှာဆိုရင် အီးယူကနေ ကမကထ လုပ်ခဲ့တာပါ။ အဲဒီတော့ မြန်မာနိုင်ငံသမိုင်းရော၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ အီးယူက တကယ့်ကို လေးစားခဲ့ပါတယ်။ နောက်တခု ထူးခြားချက်က အီးယူနဲ့ မြန်မာနိုင်ငံကြားမှာ နှစ်စဉ် Human Right Dialogue ဆိုပြီးတော့ ရှိခဲ့တယ်။ မြန်မာနိုင်ငံ အခြေအနေတွေ၊ လူ့အခွင့်အရေးကိစ္စတွေ ဘာတွေဖြစ်နေလဲ။ အဲဒါကို အီးယူက နည်းပညာအရရော၊ အတတ်ပညာအရရော၊ ငွေကြေးအရရော ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာ နှစ်တိုင်း တွေ့ဆုံတယ်ဆိုတော့ အီးယူက လူ့အခွင့်အရေးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံအပေါ်မှာ တကယ့်ကို မဖြစ်မနေ စောင့်ကြည့်ရမယ့်အရာတခု ဖြစ်တယ်။ အဲဒီတော့ ဒေါ်စုသွားတဲ့ ခရီးစဉ်အတွင်းမှာ အကြောင်းအရာတော့ အများကြီးပါ။ ဒါပေမယ့် နိုင်ငံတကာ လက်ရှိ အာရုံစိုက်နေတဲ့ အကြောင်းအရာကတော့ ရခိုင်ပြည်နယ်ကိစ္စရယ်၊ အဲဒီကိစ္စကို စုံစမ်းစစ်ဆေး ကော်မရှင်ဖွဲ့ဖို့အတွက် အစိုးရက လက်ခံလား၊ လက်မခံလားဆိုတဲ့ အချက်ကို ကျနော် အများဆုံးတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကောင်စီမှာ ဒါကို ဆုံးဖြတ်ချက်ချထားတယ်။ မြန်မာနိုင်ငံ သံအမတ်ကြီးက ဒါကို လက်မခံဘူးလို့ ပြောတယ်။ အဲဒီတော့ ဒေါ်စုသွားရင် ဒီမေးခွန်း မေးမယ်ဆိုတာ ကျနော်ကြိုသိပြီးသား။ ဘယ်သူသွားသွား ဒီကိစ္စကို မေးကြမှာ။ နိုင်ငံတကာ အာရုံစိုက်မှုက ဘယ်လိုမှ ဖျောက်လို့မရဘူး။ နိုင်ငံတကာရဲ့ လူ့အခွင့်အရေးကိစ္စအပေါ်မှာ ရခိုင်ကိစ္စက ပါပြီးသား။ ဒါပေမယ့် ပြဿနာက ဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့ အကြောင်းအရာမှာတော့ ဝိဝါဒ ကွဲပြားတာ ရှိတယ်။ မြန်မာနိုင်ငံ အစိုးရက သူတို့အနေနဲ့ လုပ်ဆောင်ထားပြီးသားရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ရင်လည်း တိုင်ကြားပါ ပြောတယ်။ ဒါကြောင့်မို့လို့ ရေမြေဒေသနဲ့ လက်ရှိအခြေအနေက ဒီကော်မရှင် မလိုဘူးလို့ ပြောတယ်။ တဘက်ကလည်း တကယ် ဒီဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တကယ်ကို ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အရေးယူပေးရမယ်။ အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ရမယ်။ Theory of thought နှစ်ခုက တော်တော်ဖြစ်နေတယ်။ ကျနော့်အနေနဲ့ကတော့ ဖြစ်လား၊ မဖြစ်လားဆိုတာ သိဖို့အတွက် အဖြစ်မှန်ကို စုံစမ်းစစ်ဆေးမှ ရမယ်။ စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကော်မရှင်ကလည်း အနှောင်အဖွဲ့ကင်းပြီးတော့ အမှန်ကို အမှန်အတိုင်း ပြောရမယ်။ ကော်မရှင်တွေ ဖွဲ့တယ်။ တကယ်တမ်း ပြောနိုင်လား၊ အဲဒီကော်မရှင်ကို ယုံကြည်ရလား၊ သူ့ရဲ့လုပ်ဆောင်မှုတာဝန်မှာ အချက်အလက် စုံစမ်းနိုင်တဲ့ လုပ်ပိုင်ခွင့် ပေးထားလား။ အဲဒါတွေ အားနည်းနေတယ်။ အဲဒီတော့ တဘက်မှာလည်း မရှိဘူး ပြောတယ်။ တဘက်မှာလည်း ရှိတယ် ပြောရင်တော့ တကယ့်ကို လွတ်လပ်ပြီးတော့ နိုင်ငံတကာက ဒါကို အသိအမှတ်ပြုပြီးတော့ သမာဓိကျကျနဲ့ လုပ်နိုင်တဲ့ ကော်မရှင်ကို လုပ်မယ်ဆိုရင် အစိုးရအတွက်က ကောင်းတဲ့ ခရက်ဒစ် ဖြစ်သွားမှာ။ ဘာကြောင့်လဲဆိုတော့ မယုံဘူးလား၊ လာကြည့်၊ မဟုတ်ဘူးဆိုရင် မဟုတ်ဘူး၊ ဟုတ်တယ်ဆိုရင် ငါတို့ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့အရာကို သွားနိုင်တဲ့အတွက် ဒီအပိုင်းမှာကတော့ ကျနော်တို့အနေနဲ့ လွတ်လပ်တဲ့ ကော်မရှင်ကို ဖွဲ့စည်းဖို့ အီးယူကလည်း လိုလားသလို လူ့အခွင့်အရေးကို အမှန်တကယ် တင်ပြလိုတဲ့သူအတွက်ကလည်း ဒါကို ကျနော် ထောက်ခံပါတယ်ခင်ဗျ။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024