တရုတ်စူပါလိဂ်သို့ ကော်စတာ ပြောင်းရွှေ့လာပါက ကြိုဆိုမည်ဟု အော်စကာ ပြော

ဓာတ်ပုံ - Getty
472
ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာအနေနဲ့ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့လာမယ်ဆိုရင် ကျေနပ်ပျော်ရွှင်မှာဖြစ်တယ်လို့ အသင်းဖော်ဟောင်း အော်စကာက ပြောကြားလိုက်ပါတယ်။
ဘရာဇီးလက်ရွေးစင် အော်စကာဟာ တရုတ် စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းမှာ ကစားနေတာဖြစ်ပြီး ချဲလ်ဆီးအသင်းဖော်ဟောင်း ဒီယေဂိုကော်စတာ အသင်းပြောင်းရွှေ့လာမယ်ဆိုရင် ကြိုဆိုတဲ့အကြောင်း ပြောကြားလိုက်တာပါ။
စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာကို တရုတ်ကလပ် ထရန်ဂျင်ကွမ်ဂျီယန်အသင်းက ကမ္ဘာ့စံချိန်တင်လုပ်ခလစာနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာပါ။
ဒီယေဂိုကော်စတာကို အကြံဉာဏ်တွေပေးဖို့ ခက်ပေမယ့် သူ့ကိုပြောနိုင်တာ တခုကတော့ တရုတ်စူပါလိဂ်မှာ ကစားရတာဟာ ပျော်စရာကောင်းတယ်လို့ အော်စကာက ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ လူနေမှုဘဝအခြေအနေဟာ ဘရာဇီးနဲ့ ကွဲပြားခြားနားပေမယ့် လက်ရှိအချိန် နေသားတကျနဲ့ ပျော်ရွှင်စရာကောင်းနေပြီလို့လည်း အော်စကာက ဆိုပါတယ်။
အော်စကာကစားနေတဲ့ ရှန်ဟိုင်း SIPG အသင်းဟာ ပွဲစဉ် ၉ ပွဲ ကစားပြီးချိန်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ဂွမ်ဇူးအဲဗားဂရင်းဒီနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။